သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တရုတ်ဘက်က နာနတ်သီး အ၀ယ်ရပ်


muse

တရုတ် မြန်မာနယ်စပ် အဓိက နယ်စပ် ကုန်သွယ်ရေးဂိတ် ဖြစ်တဲ့ မူဆယ် နယ်စပ်ကနေ နာနတ်သီးတွေ တရုတ်ဘက်က အ၀ယ်ရပ်သွားတာကြောင့် နာနတ်သီးပေါ်ချိန် ဈေးကွက် ပျောက်နေပါတယ်။ တရုတ်အစိုးရဘက်က နာနတ်သီး အ၀ယ်ပိတ်လိုက်တာလို့ သိထားရပြီး ဘာကြောင့် ပိတ်လိုက်သလဲ ရေရေရာရာ မရှိပါဘူး။ တရုတ် ဈေးကွက်ကို အားထားပြီး စိုက်ပျိုးခဲ့ကြတဲ့ စိုက်ပျိုးရေးသမားတွေ အတွက် ဘယ်လို အထိနာစေနိုင်ပါသလဲဆိုတာကို မူဆယ်နယ်စပ်က သစ်သီးကုန်စည်ဒိုင် လုပ်ငန်းရှင်တဦးနဲ့ ဆက်သွယ်ပြီး ဒီသတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။

“ တရုတ်က အခွန်ကောက်တယ်လို့တော့ မဟုတ်ဘူး။ တရုတ်ကတော့ နဂိုကတည်းကတော့ Import အခွန်ကတော့ ရှိပြီးသား။ ဒါပေမယ့် သူတို့က လုံးလုံးကို ပိတ်ချပစ်လိုက်တာ။ နာနတ်သီး သူ့နိုင်ငံထဲ တင်သွင်းမှုကို သူက ပိတ်လိုက်တာ။ ”

မသိင်္ဂီထိုက်။ ။ ဆိုတော့ ဆရာတို့ ဒီ မူဆယ် နယ်စပ်ဂိတ် တခုဘဲ ပိတ်လား။ တခြားဟာတွေရော အားလုံး ပိတ်လိုက်တာလားရှင့်။

“ နာနတ်သီး တင်ပို့မှုက ဒီနယ်စပ်ဂိတ်မှာ အဓိက ကျတာ ဒီမူဆယ်ကိုး။ တခြားနေရာမှာလည်း နည်းနည်းပါးပါး တင်ပို့တာတော့ ရှိမှာပေါ့လေ။ အဓိက တင်ပို့တာ ဒီ ၀မ်တိန်ဂိတ်မှာ ကျနော်တို့ တင်ပို့မှုကို သူတို့က ပိတ်လိုက်တာ။ သူတို့ အဓိက တရားဝင် ထွက်ပေါက်က ဒီ ဂိတ်ပေါက်ကိုး။ ဒီဂိတ်ပေါက်ကို ပိတ်လိုက်တာနဲ့ကို လူက တော်တော် ပိတ်လိုက်သလို ဖြစ်သွားတာပေါ့။ ”

မသိင်္ဂီထိုက်။ ။ တရုတ်ဘက်က ကြိုတင် အကြောင်းမကြားဘဲနဲ့ ရုတ်တရက် ပိတ်ချပစ်လိုက်တာလား၊ ဒါမှမဟုတ် အကြောင်းကြားပြီးမှ အချိန်ပေးပြီးမှ ပိတ်တာပါလား။

“ အကြောင်းကြားပြီး ပိတ်တယ်ဆိုတာလည်း အချိန်ပိုင်းပါဘဲ။ ရက်ပိုင်းဘဲ ၁ ရက် ၂ ရက် အကြောင်းကြားပြီးတော့ ပိတ်လိုက်တာ။ ”

မသိင်္ဂီထိုက်။ ။ အဲဒီတော့ ကျမ စိုးရိမ်တာက ဒီ နာနတ်သီးတွေက တရုတ်ဘက်ကို ပို့ဖို့ ဆရာတို့ ဈေးကွက်ထဲကို ရောက်နေတဲ့ အချိန် ဟိုဘက်က ရုတ်တရက် ပိတ်ချပစ်လိုက်တော့ နာနတ်သီးတွေ သောင်တင်တဲ့ သဘောများ ဖြစ်သွားပါသလား။ ဒီကုန်စည်ကျတော့လေ။

“ ရုတ်တရက် အချိန်မှာတော့ သူက သောင်တင်သွားတာ။ သောင်တင်တယ်ဆိုတဲ့ အနေအထားကျတော့ ဘယ်လို ဖြစ်လဲ ဆိုတော့ ဒီ နာနတ်သီး ပို့ကုန်၊ နာနတ်သီး ထွက်ရှိတဲ့ ဒေသက နယ်စပ်မျဉ်းကြောင်းနဲ့ တအားကပ်နေတယ်။ ဥပမာ သီပေါ၊ လားရှိုး နီးတယ်။ သတင်းကြားကြားချင်း ကတော့ သူတို့က မခူးဆွတ်သေးဘဲနဲ့ ခဏတော့ အခြေအနေ စောင့်ကြည့်လို့ ရတယ်။ ဒါပေမယ့် သောင်တင်တယ်ဆိုတာ သိပ်တော့ များများ မဟုတ်ဘူးပေါ့နော်။ နည်းနည်းပါးပါး သောင်တင် နေတဲ့ဟာတွေကို ဒေသတွင်းမှာ လက်လီ ပြန်ရောင်းတာတော့ ရှိတယ်။ ဒါပေမယ့် ပြသနာ အကြီးကြီး မဖြစ်ခဲ့တာ ဘာလဲ ဆိုတော့ အဲဒီနေ့က စထွက်တာကိုး။ စထွက်တဲ့ အချိန်မှာ သူက သိပ်ပြီး ပမာဏ မများသေးဘူးပေါ့နော်။ အဲဒါကြောင့် စစချင်း ပိတ်တဲ့ အချိန်မှာတော့ ဒီလို ကားအစီးရေ အများကြီး သောင်တင်တာတော့ မရှိဘူးပေါ့။ ဒါပေမယ့် ရေရှည်မှာကတော့ ဒါ နာနတ်သီး တွေက တော်တော်များများ ထွက်ရှိမယ့် သဘောတွေ ရှိတာပေါ့နော်။”

မသိင်္ဂီထိုက်။ ။ ကုန်သည်က မ၀ယ်ချင်လို့ ပိတ်တာလား ယူနန် အစိုးရက ပိတ်တာလား သူတို့က ဘယ်လို သဘောနဲ့ ပိတ်တာပါလဲရှင့်။

“ အခု ပိတ်တာက ဗဟိုအစိုးရ လက်အောက်မှာ ရှိတဲ့ သူတို့ရဲ့ အကောက်ခွန် ဌာနက ပိတ်တာ၊ ဒါမှမဟုတ်ရင်လည်း သူက ဘာခေါ်လဲ ဆိုတော့ တရုတ်ဘက်က AQSIQ ခေါ်တာပေါ့။ သူ့ရဲ့ အရည်အသွေး ထိန်းချုပ်ရေးနဲ့ နောက်ပြီးတော့ ရောဂါတားဆီးရေးပေါ့။ ကျနော်တို့ဘက်က FDA လိုမျိုးပေါ့နော်။ အစားအသောက် ထိန်းသိမ်း ကွပ်ကဲရေး ဌာနက ပြည်ဝင် အစားအသောက် ကွပ်ကဲရေး ဌာနလို့ ခေါ်မှာပေါ့နော်။ အဲဒီက ပိတ်လိုက်တာ။ ပိတ်လိုက်တယ်ဆိုတဲ့ အနေအထားက ဒါကတော့ ကျနော်တို့ ဆိုလိုတာက အဲလိုမျိုး ပိတ်မယ်ဆိုရင်လည်း ဒီက တင်ပို့တဲ့ နာနတ်သီးတွေက ပိုးသတ်ဆေး ဓာတ်ကြွင်း ဓာတ်ကျန် များနေလို့လား၊ စားသုံးရန် မသင့်လို့လား၊ အဲဒါဆို လက်ခံလို့ ရတယ်။ တောက်လျှောက် နှစ် ၂၀၊ ၃၀ လောက် တင်ပို့နေတဲ့ ပစ္စည်းတခုကို ရုတ်တရက် အဲလိုမျိုး သိပ်ပြီးတော့ ခိုင်မာတဲ့ အကြောင်းရင်း မရှိဘဲနဲ့ ပိတ်တယ်လို့ ယူဆရတယ်။”

မသိင်္ဂီထိုက်။ ။ အဲဒီတော့ ဒီ နာနတ်သီးတောင်သူတွေ အတွက် ဘယ်လောက် ထိခိုက်နစ်နာပါသလဲရှင်။ ဘယ်လောက် ပမာဏလောက် ရှိပါလဲ။

“ လောလောဆယ် ပြောဖို့ စောသေးတယ်။ အခု ပိတ်လိုက်တယ်ဆိုတာ စောစောက ကျနော် ပြောသလိုဘဲ အခုမှ အစပိုင်းဘဲ ရှိသေးတာကိုး။ ထိခိုက်နစ်နာမှု ပမာဏ ကတော့ ရေရှည်မှာ သူက ပေါ်လာမှာပေါ့လေ ။ နာနတ်သီးက အခု ဒီရက်ပိုင်းတွေက စပြီး အထွက်များလာ လိမ့်မယ်။ အထွက်များရင် များလာသလောက် ထိခိုက်နစ်နာ ဖို့က ရှိတာပေါ့။ အဲလိုမျိုးတော့ ရှိတယ်။ နောက်ပိုင်း အရေအတွက် များလာပြီးတော့ အဲဒီမှာ တင်ပို့မှု လမ်းကြောင်းက ပိတ်ဆို့ နေတယ်လို့ ဒါမှမဟုတ် တင်ပို့မှု လမ်းကြောင်း ကျဉ်းမြောင်းသွားတယ် ဆိုရင် ဒါက ကုန်ကျစာရိတ်တွေလည်း များလာမယ်။ နောက်ပြီးတော့ တင်ပို့မှု မရှိဘဲနဲ့ အပုပ်အနာတွေ ထွက်လာမယ်ဆိုရင် ဒါက တဖြည်းဖြည်းနဲ့ ထိခိုက်မှု ပမာဏက ပိုများလာမယ်ပေါ့။ ”

မသိင်္ဂီထိုက်။ ။ ဒီ စိန်တလုံး သရက်တို့ သခွားတို့ ဖရဲတို့ ပေါ့နော် ဒီဟာတွေ ဈေးကွက်ရောက်တော့ရော သေချာပါရဲ့လား။ ရှေ့လျှောက် ဈေးကွက်သေချာမှု။

“ကျနော်တို့ တရုတ်ဘက်က AQSIQ နဲ့ ကျနော်တို့ နှစ်နိုင်ငံ သဘောတူညီချက် လက်မှတ်ထိုး ထားတဲ့ အနေအထား Mou ထိုးထားတဲ့ အနေအထား အရ စံချိန် စံညွှန်းနဲ့ ပြည့်ရင်တော့ ဒါက ကျနော်တို့ ခိုင်မာမှု ရှိပါတယ်။ ခိုင်မာမှု ရှိမယ်လို့လည်း ယူဆပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ သီးနှံ အဓိက ဒီပွဲရုံတွေကနေ တင်ပို့နေတဲ့ ဖရဲ၊ သခွားမွှေးနဲ့ သရက်သီးလိုမျိုး အဓိက ကုန်တွေကျတော့ ခိုင်မာမှု ရှိမယ်လို့ ယူဆပါတယ်။ ”

မသိင်္ဂီထိုက်။ ။ အခုလောလောဆယ် နာနတ်သီး ကိစ္စနဲ့ ပတ်သက်ပြီးတော့တော့ မြန်မာ အစိုးရ ဘက်က တခုခု လုပ်လာတာ ၊ လောလောဆယ် သူတို့ဘက်က ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားမှု ပြလာတာမျိုးရော ရှိပါသလား ဆရာ။

“ အခုလောလောဆယ် ဒါက Issues တခုဖြစ်လာပြီ ဆိုရင် ကျနော်တို့ဘက်ကလည်း စိတ်ဝင်စားမှု ပြလာပါတယ်။ အများကြီး စိတ်ဝင်စား အာရုံစိုက်ပြီး လုပ်နေတာလည်း ကျနော်တို့ မြင်ရ ကြားရတယ်နော။ နှစ်နိုင်ငံ ဥပမာအားဖြင့် ဒီဘက် စီးပွား ကူးသန်း ၀န်ကြီးဌာန ဆိုက်ကနေ တရုတ် ဘက်ကို သူက ဆက်သွယ်ပြီးတော့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ”

မသိင်္ဂီထိုက်။ ။ အစိုးရဘက်ကရော နယ်စပ် ကုန်သွယ်ရေးမှာ ဒီလို ဖြစ်နေတဲ့ ကိစ္စကို ဘယ်လောက်များ စိတ်ဝင်စားမှု ရှိပါသလဲ။ ဘယ်လောက် ကူညီပါသလဲ။

“ ကျနော်တို့ အစိုးရကလည်း ဒါ အခုလက်ရှိ အစိုးရ အနေနဲ့လည်း ဒီကိစ္စတွေ အပေါ်မှာ သူက စိတ်ဝင်စားမှုတော့ ပြပါတယ်။ စိတ်ဝင်စားမှု ရှိပြီးတော့ ကြိုးစားမှုလည်း ရှိတယ်။ နောက်ပြီးတော့ သက်ဆိုင်ရာ ၀န်ကြီးဌာန အဲလိုမျိုး စီးပွားကူးသန်း ၀န်ကြီးဌာနတို့လိုကတော့ ဒါ အောက်ခြေမှာရော အပေါ်မှာရော တောက်လျှောက်တော့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့တော့ ကြားတာဘဲ။ ဒါပေမယ့် အာရုံစိုက်ပြီး လုပ်ဆောင်မှု အပိုင်းကျတော့ အာရုံစိုက်ပြီး လုပ်ဆောင်မှု ဆိုတာထက် ဖြစ်ပေါ်လာမယ့် အကျိုးကျေးဇူးကိုဘဲ ကြည့်ရမှာပေါ့နော်။ လောလောဆယ်တော့ သိပ်ပြီးတော့ အရင်ကထက် ထူးထူးခြားခြား ပြောင်းလဲ တိုးတက်လာတာတော့ မရှိသေးဘူးပေါ့။ ဒါပေမယ့် ဒီထက်ပိုပြီး အာရုံစိုက်ပြီးတော့ ဆောင်ရွက်ဖို့ လိုတယ်။ ဒါ ကျနော်တို့ G to G ပေါ့ နှစ်နိုင်ငံ အစိုးရခြင်း ပိုပြီး အားထည့် ဆောင်ရွက် ရမယ့် အပိုင်းတွေ ရှိတယ်။ ”

တရုတ်ဘက်က နာနတ်သီး အ၀ယ်ရပ်
please wait

No media source currently available

0:00 0:07:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG