သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာဆက်ဆံရေးရုံး မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်


တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးရုံးကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒီနေ့မနက်ပိုင်းက ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံ ဆက်ဆံရေးရုံးကတဆင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အပါအဝင် အခြား ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်သွားမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီ ဆက်ဆံရေးရုံး ဖွင့်လိုက်တဲ့ကိစ္စအပေါ် ကချင် နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားတွေကိုဗွီအိုအေ သတင်းထောက် ကိုဇော်ထက် စုစည်း တင်ပြ ပေးထားပါတယ်။

တရုတ်-မြန်မာနှစ်နိုင်ငံ သဘောတူညီချက်အရ မြစ်ကြီးနားမြို့မှာ ဒီကနေ့ ဖွင့်လိုက်တဲ့ ဒီ ဆက်ဆံရေးရုံးက တဆင့် ပူးပေါင်းဆောင်ရွက်မှုတွေကို အဆင့်သုံးဆင့်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လက်နက်မှောင်ခိုနဲ့ နယ်စပ်ဖြတ်ကျော် မှုတွေကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းနှိမ်နင်းသွားဖို့ ရှိကြောင်း ဖွင့်ပွဲကိုတက်ရောက်တဲ့ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေက ပြောပါတယ်။

တရုတ်နိုင်ငံဟာ လက်ရှိမှာ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍအသီးသီးမှာ ပူပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြင့် လုပ်ဆောင်လာနေတာ တွေ့ရတဲ့ အတွက် အခုလို မြစ်ကြီးနားမြို့မှာ တရုတ်-မြန်မာ ဆက်ဆံရေးရုံး ဖွင့်လိုက်တဲ့အပေါ် ကချင်နိုင်ငံရေးပါတီတွေနဲ့ လူမှု အဖွဲ့အစည်းတွေအကြားသဘောထားအမြင် မတူတာတွေ ရှိနေပါတယ်။

ကချင်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဂွမ်ဂရမ်အောင်ခမ်းကတော့ - ဒေသခံ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ လူထုကို အသိမပေးဘဲ အခုလို တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးရုံး ရုတ်တရက်လာဖွင့်တဲ့အပေါ် ကန့်ကွက်ကြောင်း ပြောပါတယ်။

“ကျွန်တော်အပါအဝင် ကချင်လူထုရော၊ ကျွန်တော်တို့ပါတီရော စိုးရိမ်မှုတွေဖြစ်မိတာအမှန်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူထုကိုလည်းမချပြဘူး။ ဒါကြောင့် ကျွန်တော်တို့ လုံးဝလက်မခံနိုင်ဘူး။ ဒါကိုရှေ့ဆက်ပြီးမလုပ်ဖို့လည်း တရုတ် အစိုးရကို ကျွန်တော် မေတ္တာရပ်ခံပါတယ်။ ဒါကိုရှေ့ဆက်ပြီးလုပ်မယ်ဆိုရင် အကျိုးဆက်တွေ အများကြီးဖြစ်လာ နိုင်တယ်။ အဓိကကတော့ သူတို့က အကျိုးစီးပွားကို ကာကွယ်ဖို့ရှိနေတယ်။ မြစ်ဆုံရေကာတာကိုလည်း ပြန်ပြီး လုပ်ချင်တဲ့ ဆန္ဒတွေ သူတို့ဆီမှာအမြဲရှိနေတယ်။ နောက်ပြီး နယ်စပ်နဲ့နီးစပ်တော့ သန်း ၁၀၀၀ ကျော်နေတဲ့ လူဦးရေကလည်း အမြဲတမ်းဒီမှာ ဝင်နေတဲ့ပုံစံမျိုး ရှိတယ်ဆိုတော့ ဒီ တရုတ်တွေလွှမ်းမိုးလာမှာ ကျွန်တော်တို့ ကချင်လူထုအနေနဲ့ စိုးရိမ်ပါတယ်။”

လက်ရှိအခြေအနေမှာ ချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုတွေ ရှိနေသေးသလို နိုင်ငံရေးအရလည်း မတည်ငြိမ်သေးတဲ့ အခုလို အချိန်မျိုးမှာ ဆက်ဆံရေးရုံးဖွင့်တဲ့အတွက် တရုတ်ရဲ့ လွှမ်းမိုးမှု ဖြစ်ပေါ်လာမှာကို စိုးရိမ်မိကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Lum Zawng (လွမ်ဇောင်း) ကလည်း ပြောပါတယ်။

“နိုင်ငံရေးတည်ငြိမ်မှု အတိုင်းအတာတစ်ခုအထိမှရှိသေးတဲ့အချိန်မှာ ကျနော်တို့က ဒီအပေါ်မှာတော့ တခုကတော့ ဘယ်လိုမျိုး သူတို့နဲ့ ကျနော်တို့က ဘယ်လောက်အထိ၊ ဒေသခံတွေအတွက်ရော ဘယ်လောက်အထိ နိုင်ငံရေး အရရော၊ စီးပွားရေးအရရော ဘယ်လောက်ထိ ကျနော်တို့က လွတ်လပ်မှု ရှိမလဲပေါ့။ ပြီးတော့သူတို့ရဲ့ တွန်းအား၊သူတို့ရဲ့ လွှမ်းမိုးမှု၊ နိုင်ငံရေးအရာရော၊ စီးပွားရေးအရရော လွှမ်းမိုးထဲကနေ ကျနော်တို့က သတိထားရမှာပေါ့။”

တရုတ်နိုင်ငံက အခုလို ဆက်ဆံရေးရုံးဖွင့်တဲ့အပေါ် အားလုံးက အဆိုးမြင်သဘော ရှိကြတာတော့ မဟုတ်ပါဘူး။

ကချင်ပြည်နယ်ပါတီ ဒီမိုကရေစီဥက္ကဋ္ဌ ဒေါက်တာ တူးဂျာကတော့ - လက်ရှိအခြေအနေမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာပါ ကူညီ ဆောင်ရွက်ပေးနေတာတွေ ရှိနေတာကြောင့် အခုလို ဆက်ဆံရေးဖွင့်တာ ကောင်းတယ်လို့ ယူဆကြောင်း ပြောပါတယ်။

“ဒီဟာ နိုင်ငံရေးပိုင်းဆိုင်ရာကို ကြည့်မယ်ဆိုရင်တော့ ဒါ သူတို့နဲ့ အခုလို ဆက်ဆံရေးရုံးတွေ ဖွင့်ပြီး ဆက်ဆံသွားမယ် ဆိုရင်တော့ အများကြီး အကျိုးရှိနိုင်ပါတယ်။ တခြားကဏ္ဍတွေမှာလည်း စီးပွားရေးတို့၊ ခုနက ပြောတဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးတို့ အစရှိသဖြင့် ဒါတွေလည်း ပါမှာပေါ့ဗျာ။ ဒါကြောင့်မို့ ကျွန်တော်မြင်တာကတော့ ကောင်းတယ်လို့ဘဲ မြင်ပါတယ်။ အဲဒါကို ရုံးဖွင့်ပြီးတော့မှ အစစအရာရာမှာ ဝိုင်းဝန်း ပူးတွဲ ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ အကျိုးရှိနိုင်မယ်လို့ ထင်တယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးတည်ဆောက်တဲ့ နေရာမှာ အထောက်အကူဖြစ်နိုင်မယ်လို့ ကျွန်တော်က မြင်ပါတယ်။”

၂၀၁၇ နိုဝင်ဘာလက တရုတ်နိုင်ငံကူမင်းမြို့မှာလုပ်တဲ့ ၁၅ကြိမ်မြောက် မြန်မာ-တရုတ်မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး အစည်းအဝေးမှာ ပြောခဲ့တဲ့ အချက်အလက်တွေကိုလည်း ဒီနေ့ ထပ်ဆောင်း ပြောသွားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG