သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းပြဿနာ တရုတ်စိုးရိမ်


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒေသခံတွေနဲ့ တရုတ်ကုမ္ပဏီကြား ဖြစ်ရတဲ့ ပဋိပက္ခတွေဟာ နိုင်ငံရေးအင်အားစုတွေရဲ့ သွေးထိုး လှုံ့ဆော်မှုကြောင့် ဖြစ်တယ်လို့ ဝမ်ပေါင်ကုမ္ပဏီက ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ လူသေဆုံးခဲ့ရတဲ့ထိ ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေအပေါ်မှာ စိုးရိမ်မကင်း ဖြစ်ရကြောင်းနဲ့ တရုတ်ကုမ္ပဏီတွေ တာဝန်သိသိ ဆောင်ရွက်ကြဖို့ ပြောဆိုထားပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက စီမံကိန်းဧရိယာကို ခြံစည်းရိုးခတ်တာကို ဆန့်ကျင်ခဲ့ကြတဲ့ ဒေသခံတွေ အကြမ်းဖက် ဖြိုခွင်းခံရပြီး လူသေဆုံး၊ ဒဏ်ရာရခဲ့မှုတွေနဲ့ ပတ်သက်ပြီး ဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောခွင့်ရကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံတွေရဲ့ အခုကန့်ကွက်ဆန္ဒပြမှုတွေက နိုင်ငံရေး အင်အားစုတွေရဲ့ သွေးထိုးမှုကြောင့် ဖြစ်ရတာလို့လည်း ဝမ်ပေါင်ကုမ္ပဏီက စွပ်စွဲပြောဆိုပါတယ်။ ဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောခွင့်ရ Dong Yunfei က အခုလို ပြောပါတယ်။

“ဒါမျိုးတွေ ကျနော်တို့က ဘာမှလုပ်လို့မရတော့ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ သူက ကျနော်တို့ ပြဿနာဖြစ်တုန်းက သူက တလတကြိမ် မြေယာထောက်ပံ့ကြေးတွေ ထုတ်တုန်းက ဒေသခံတွေက ရာနှုန်းပြည့် လာပြီးတော့ ထုတ်ကြတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့။ ဓာတ်ပုံလည်းရိုက်ထားသေးတယ်။ လက်မှတ်တွေလည်း ထိုးထားတယ်။ ဒါပေမဲ့ နောက်ပိုင်းကတော့ ဒီနိုင်ငံရေး ပြောင်းလဲမှုကြောင့်ပေါ့နော် မြန်မာပြည်တပြည်လုံးပေါ့နော် ပြောင်းလဲမှုကြောင့် သူက အဲ့ဒီမှာ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ သွားပြီးတော့ သွားစည်းရုံးပြီး သွေးထိုးတယ်။ အဲ့လိုမျိုးတွေ လုပ်တဲ့အခါကျတော့ လုပ်ပြီးသွားတဲ့နောက်ပိုင်းပေါ့နော် အဲ့ဒါ ကန့်ကွက်သလို ပေါ်ပေါက်လာတာပေါ့နော်။ အဲ့ဒါကြောင့် ဒုတိယအကြိမ် မြေယာထောက်ပံ့ကြေး ပေးတဲ့အခါကျတော့ ၆၆ ရာခိုင်နှုန်းအထိပဲရှိတယ်။”

ပြီးခဲ့တဲ့ တနလာၤနေ့က ကြေးနီစီမံကိန်း လုပ်ဆောင်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက ဒေသခံတွေဆီက သိမ်းယူထားတဲ့ မြေယာပေါ်မှာ ခြံစည်းရိုးခတ်တာကို မကျေနပ်ကြတဲ့ မြေယာလျော်ကြေး ရယူမထားတဲ့ ဒေသခံတွေက ကန့်ကွက်ဆန္ဒပြတာကို အာဏာပိုင်တို့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် တောင်သူ ဒေါ်ခင်ခင်ဝင်း ဦးခေါင်းမှာ သေနတ်ထိမှန် သေဆုံးခဲ့ရတာပါ။ အများအပြားလည်း သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုလို ဖြိုခွင်းမှုတွေ၊ ဝမ်ပေါင်ကုမ္ပဏီရဲ့ လုံခြုံရေးကို မြန်မာအာဏာပိုင်တို့ကသာ တာဝန်ယူခဲ့တာ ဖြစ်တယ်လို့လည်း ဝမ်ပေါင်ကုမ္ပဏီ ပြောခွင့်ရက ပြောပါတယ်။ ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် ဝမ်ပေါင်ကုမ္ပဏီရဲ့ လုပ်ငန်းတွေ ရပ်တန့်၊ ဆိုင်းငံ့ခဲ့ရတာမရှိဘဲ အခုတော့ ခြံစည်ရိုးခတ်တဲ့ လုပ်ငန်းစဉ်အားလုံး ပြီးဆုံးသွားပြီ ဖြစ်တယ်လို့လည်း ပြောခွင့်ရက ပြောပါတယ်။

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆာလင်းကြီးမြို့နယ်ထဲက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကိုတော့ တရုတ်နိုင်ငံက သတ္တုတူးဖော်ရေးလုပ်ငန်းဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီ၊ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ မြန်မာအစိုးရတို့က အကျိူးတူ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ အခုလို လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခတွေကို အကြမ်းဖက် ဖြေရှင်းခဲ့မှုအပေါ်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း စိုးရိမ်တဲ့အကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying က ပြောဆိုခဲ့ပါတယ်။

“လူတွေ ထိခိုက်သေဆုံးမှု သတင်းတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့ စိုးရိမ်မိသလို၊ စိတ်မကောင်းလည်း ဖြစ်ရတဲ့အကြောင်း၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအနေနဲ့ ကျကျနန အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့လည်း မျှော်လင့်တဲ့အကြောင်း” - တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားခဲ့တာပါ။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူကတော့ တရုတ်နဲ့ မြန်မာတို့ဟာ ရင်းနှီးတဲ့ မိတ်ဆွေတွေအဖြစ် နှစ်နိုင်ငံ အကျိုးစီးပွားတွေ ရှိနေကြပေမဲ့ ပြည်ပမှာ လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံက ကုမ္ပဏီတွေအနေနဲ့ သက်ဆိုင်ရာ တိုင်းပြည်တွေရဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဖို့၊ လူမှုအသိုင်းအဝိုင်းအတွက် တာဝန်သိဖို့နဲ့ ပတ်ဝန်းကျင် မထိခိုက်အောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းသွားပါတယ်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အပေါ်မှာတော့ အမေရိကန် ပြည်ထောင်စုနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေကလည်း စိုးရိမ်ပူပန်ကြောင်းနဲ့ ထိခိုက်သေဆုံးမှုတွေ ဖြစ်ခဲ့ရတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးဖို့လည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG