သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း နှစ်နိုင်ငံအကျိုးရှိမယ့် အခြေခံသဘောတူညီမှု တရုတ်နဲ့ မြန်မာရရှိ


ရနံပိုက်လိုင်း သဘောတူညီချက် အပါအဝင် သဘောတူညီချက် ၉ ခုအတွက် လက်မှတ်ရေးထိုးပွဲ
ရနံပိုက်လိုင်း သဘောတူညီချက် အပါအဝင် သဘောတူညီချက် ၉ ခုအတွက် လက်မှတ်ရေးထိုးပွဲ

တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ ဖိတ်ကြားချက်နဲ့ ၆ ရက်ကြာ နိုင်ငံတော် ခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ ဦးထင်ကျော်နဲ့ သမ္မတ ရှီကျင်းပင်တို့ ၂ ဦးဟာ ဧပြီလ ၁၀ ရက်နေ့ မနေ့က ရေနံပိုက်လိုင်း သဘောတူညီချက် အပါအဝင် သဘောတူညီချက် ၉ ခုအတွက် လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့ ကြပါတယ်။ မြစ်ဆုံဆည်ကိစ္စနဲ့ပတ်သက်လို့တော့ နှစ်ဦး နှစ်ဖက် အကျိုးရှိစေမယ့် သဘောတူညီချက် ရရှိခဲ့ကြောင်း တရုတ်အစိုးရ အရာရှိတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

တရုတ်နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေးတွေ တိုးမြင့် ဆောင်ရွက်ရေး ရည်ရွယ်ချက်နဲ့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ ဇနီး ဒေါ်စုစုလွင်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံကို ဧပြီလ (၆) ရက်နေ့က ရောက်ရှိသွားကြတာ ဖြစ်ပါတယ်။ ခရီးစဉ်အစပိုင်းမှာတော့ သမ္မတ ဦးထင်ကျော်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံအတွင်းက အရေးပါတဲ့ နေရာတွေကို သွားရောက် လေ့လာခဲ့ကြပါတယ်။

မနေ့ ဧပြီလ ၁၀ ရက်နေ့မှာတော့ သမ္မတ ဦးထင်ကျော်ကို တရုတ်သမ္မတ ရှီကျင့်ပင်က နိုင်ငံတော်အခမ်းအနားနဲ့ ကော်ဇော်နီခင်း ကြိုဆိုခဲ့တာမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ကို အခုလို ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ကြောင်း သမ္မတ ဦးထင်ကျော်က သမ္မတ ရှီကျင့်ပင်ကို ပြောကြားခဲ့ပါတယ်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ကို အဆွေတော်တရုတ်သမ္မတ ရှီကျင့်ပင် ရဲ့ဖိတ်ကြားချက် အတွက် တရုတ်အစိုးရကို ကျေးဇူးတင်ပါတယ်။”

တရုတ်သမ္မတ ရှီကျင်းပင်ကလည်း သမ္မတ ဦးထင်ကျော်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုးပွဲကို ခေါင်းဆောင် ၂ ဦး တက်ရောက်ခဲ့ကြပါတယ်။

နှစ်နိုင်ငံ သဘောတူညီမှု ရရှိပြီး ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မဒေးကျွန်းမှာရှိတဲ့ ရေနက် ဆိပ်ကမ်းကနေ တရုတ်နိုင်ငံ ကူမင်းမြို့အထိ ဖောက်လုပ်နေတဲ့ ရေနံစိမ်းပိုက်လိုင်း စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်နိုင်ငံ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အဲဒီ လက်မှတ်ရေးထိုးပွဲ အပြီးမှာ တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က ဘေဂျင်းမြို့မှာ သတင်းထောက်တွေကို ပြောကြားပါတယ်။

“တရုတ်-မြန်မာ ရေနံပိုက်လိုင်း တည်ဆောက်ရေး အပါအဝင် သဘောတူညီချက် (၉) ခုကို အခုပဲ လက်မှတ် ရေးထိုးလိုက်ပါတယ်။ တရုတ်-မြန်မာ ရေနံပိုက်လိုင်းက တချို့နေရာတွေကတော့ တည်ဆောက် ပြီးစီးနေပါပြီ။ ကူမင်းမြို့အနီးမှာ တရုတ်အစိုးရက ရေနံချက်စက်ရုံ တည်ဆောက်ပြီးပါပြီ။ ရေနံပိုက်လိုင်းကိစ္စနဲ့ ပတ်သက်လို့လည်း နှစ်ဖက် အပြန်အလှန် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေခဲ့ကြပါတယ်။ လက်မှတ်ထိုးပြီးတာနဲ့ ဒီ ပိုက်လိုင်းကနေ ရေနံတွေကို အလျင်အမြန် တင်ပို့နိုင်တော့မှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်၊ မကွေးနဲ့ မန္တလေးတိုင်း ဒေသကြီးတွေအပြင် ရှမ်းပြည်နယ်အတွင်းက လားရှိုးနဲ့ မူဆယ်မြို့တို့ကို ဖြတ်ပြီး ယူနန်ပြည်နယ် အတွင်းက ကူမင်းမြို့အထိ သယ်ဆောင်ပေးမယ့် ဒီ ပိုက်လိုင်း စီမံကိန်းကြောင့် ပိုက်လိုင်းတည်ဆောက်မယ့် လမ်းတလျှောက်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံအတွင်းက ဒေသခံတွေ သူတို့နေရပ်တွေကနေ စွန့်ခွာ ပေးခဲ့ရပါတယ်။ ဒါ့အပြင် ပိုက်လိုင်း တည်ဆောက်လိုက်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ပျက်ဆီး ဆုံးရှုံးမှုတွေ ရှိခဲ့ကြောင်းလည်း ပညာရှင်တွေက ထောက်ပြကြပါတယ်။

အခုလို တရုတ်နဲ့ မြန်မာနိုင်ငံအကြား ရေနံပိုက်လိုင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ခြင်းအားဖြင့် ၄၈၀ မိုင် ရှည်လျားတဲ့ ရေနံပိုက်လိုင်းကနေ တရားဝင် ရေနံ တင်ပို့မှုတွေ စတင်လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ အကုန်ကျခံ တည်ဆောက် ပြီးစီးပြီးမှ ၂ နှစ်လောက် ဒီအတိုင်း ရပ်ထားခဲ့ရတဲ့ ဒီ ရေနံပိုက်လိုင်းကနေ တရုတ်နိုင်ငံက လိုအပ်နေတဲ့ ရေနံတွေကို တင်ပို့ပေးနိုင်မှာ ဖြစ်ပါတယ်။

အာဖရိကနဲ့ အရှေ့အလယ်ပိုင်းကနေ တရုတ်ပြည်ကို တင်ပို့မယ့် ရေနံတွေကို မလက္ကာ ရေလက်ကြားကို ဖြတ်စရာမလိုတော့ပဲ ကျောက်ဖြူ ရေနက်စီမံကိန်းကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး တရုတ်နိုင်ငံကို ဖြတ်လမ်းကနေ တင်ပို့တာ ဖြစ်တာကြောင့် တရုတ်အစိုးရအတွက် အချိန်နဲ့ ကုန်ကျစားရိတ် အများကြီး သက်သာစေမှာ ဖြစ်ပါတယ်။

ဒီ ရေနံပိုက်လိုင်း တည်ဆောက်မှု လုပ်ငန်းမှာ အရင်းအနှီး ဝေစုအဖြစ် တရုတ်အစိုးရ လက်အောက်ခံ အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်း ကုမ္ပဏီ လီမိတက် (SEACOP) က ၅၀.၉% ၊ မြန်မာအစိုးရ (MOGE) က ၄၉.၁% ပိုင်ဆိုင်ကြတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်က ရပ်ဆိုင်းထားခဲ့တဲ့ အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံ အကုန်ကျခံ တည်ဆောက်မယ့် မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်းကိစ္စနဲ့ ပတ်သက်လို့တော့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ အကျိုးရှိစေမယ့် သဘောတူညီချက် ရရှိခဲ့တယ် ဆိုတာကလွဲလို့ သဘောတူညီချက် အသေးစိတ်ကို ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က ပြောကြားခဲ့ခြင်း မရှိပါဘူး။

“မြစ်ဆုံဆည် ကိစ္စနဲ့ပတ်သက်လို့ကတော့ နှစ်နိုင်ငံအကြား တူညီတဲ့ သဘောဆန္ဒတွေ ရှိထားကြတာနဲ့အညီ အခြေခံ သဘောတူညီချက်ကို ရရှိခဲ့ပါတယ်။ ဖြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းထားခဲ့တာ အခုဆို ၅ နှစ်ကျော်၊ ၆ နှစ် နီးပါး ရှိသွားပါပြီ။ နှစ်နိုင်ငံ ဆက်ဆံရေးကို အထောက်အကူပြုစေမယ့်၊ နှစ်ဦး နှစ်ဖက် အကျိုးရှိစေမယ့် သင့်တော်တဲ့ သဘောတူညီချက်ကို ချမှတ်သင့်ပါတယ်။”

မြစ်ဆုံမှာ အဲဒီလို ကြီးမားတဲ့ ဆည်ကြီး တည်ဆောက်ခြင်းအားဖြင့် ဌာနေ တိုင်းရင်းသားတွေ ခေတ်အဆက်ဆက်က နေလာခဲ့တဲ့ သူတို့ရဲ့ နယ်မြေတွေက ထွက်ခွာပေးကြရသလို ရေရှည်မှာ သဘာဝတ်ပတ်ဝန်းကျင်ကို ကြီးမားတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်စေမှာ ဖြစ်တဲ့အတွက် မြန်မာ ပြည်သူ အများစုက ကန့်ကွက် ဆန္ဒပြခဲ့ကြတာကြောင့် မြစ်ဆုံဆည် စီမံကိန်းကို ဆိုင်းငံ့ထားဖို့ သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ်မှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း ဆောင်ရွက်မယ့် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းတွေ ဆက်လက် ဆောင်ရွက်ရန် သင့်-မသင့် နဲ့ ပတ်သက်ပြီး “ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်“ ကို ၂၀၁၆ခုနှစ် သြဂုတ်လမှာ သမ္မတ ဦးထင်ကျော်က ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မရှင်က စီမံကိန်းတွေကို အမျိုးသား အကျိုးစီးပွား တိုးတက်ရေးကို အခြေခံပြီး နိုင်ငံတော်နဲ့ ပြည်ပ ရင်းနှီးမြှုုပ်နှံ သူတို့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းများ ရရှိစေမယ့် အချက်တွေ လေ့လာ သုံးသပ် အကြံပြုဖို့လည်း ညွှန်ကြားခဲ့ပါတယ်။

မြစ်ဆုံဆည် တည်ဆောက်မယ့် စီမံကိန်းကို တရုတ်နဲ့ မြန်မာအကြား အကျိုးတူ နားလည်မှု ရယူပြီး ဖျက်သိမ်းမယ့် အလားအလာ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့က ဒေါ်ခွန်ဂျာက အခုလို သုံးသပ်ပါတယ်။

“မနှစ်တုန်းက ကျမ ယူနန်ကို သွားလည်ခဲ့ပါတယ် CPI Yunnan နဲ့ သွားတွေ့ခဲ့ပါတယ် အဲဒီအချိန် ကတည်းကနေ ကြိုးစားနေတာကတော့ နိုင်ငံရေးအရဖြေရှင်းဖို့နဲ့ စီးပွားရေး အရေဖြေရှင်းဖို့ပြောတာဖြစ်တယ်ပေါ့၊အကယ်၍ အခုလောလောဆယ်ဒီဟာကို နိုင်ငံရေးအရဖြေရှင်းတယ်ဆိုရင် ဒီဟာကို ဘယ်လိုနည်းနဲ့ ဖြေရှင်းသလဲဆိုတာ ကျမတို့အတွက်အင်မတန် စိုးရိမ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြစ်ဆုံဆည်ကို ရပ်ဆိုင်းလိုက်ပြီး တခြားတခုခု ကိုအစားထိုးတာ၊ ဒါမှမဟုတ်လို့ရှိရင် နိုင်ငံသားတွေအတွက် မြစ်ဆုံလိုတန်ဖိုးရှိပြီး အရေးကြီးတဲ့ ကိစ္စတခုခုနဲ့ လဲလှယ်နိုင်ပါတယ်။ ဒုတိယတခုအနေနဲ့ အခုမြစ်ဆုံမလုပ်တဲ့အတွက်ကြောင့် တခြားတခုခုကြောင့် နိုင်ငံသားတွေမသိပဲနဲ့ နောက်ထပ်ဒီလိုလမ်းစဉ်ချပေးတာမျိုးတို့မလုပ်သင့်တော့ဘူးလို့ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးလုပ်လို့ရှိရင်အကယ်၍တိုင်းသူပြည်သားတွေ လိုအပ်တာနဲ့ လိုချင်တာနဲ့ မကိုက်ညီ ဘူးဆိုရင် အခုမြစ်ဆုံဆည်လိုပဲ နောက်တခါ ပြန်ကြုံရမှာဖြစ်ပါတယ်ရှင့်။”

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ တရုတ်နိုင်ငံမှာ ရှိနေစဉ်အတွင်း သမ္မတ ရှီကျင်းပင်အပြင် ဝန်ကြီးချုပ် Li Keqiang အပါအဝင် တခြား အစိုးရ အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံမှုတွေအတွင်း နိုင်ငံပေါင်းများစွာပါဝင်မယ့် တရုတ်နိုင်ငံရဲ့ ပိုးလမ်းမကြီးနဲ့ ခါးပတ်လမ်းမကြီး တည်ဆောက်မှု စီမံကိန်းတွေမှာ မြန်မာနိုင်ငံ ပါဝင်ရေးကိစ္စ အဓိကထား ဆွေးနွေးနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

ဦးထင်ကျော်နဲ့ ဇနီးဒေါ်စုစုလွင်တို့ဟာ ဧပြီလ ၉ ရက်နေ့ ညနေပိုင်းက တရုတ် နိုင်ငံတော်ဧည့်ဂေဟာမှာ ကျင်းပတဲ့ "မင်းသုဝဏ်နှင့် တရုတ်ပြည်ရေစက်" လို့ အမည်ပေးထားတဲ့ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်ပြီး အမှာစကား ပြောခဲ့ပါတယ်။ ဒီစာအုပ်ဟာ သမ္မတဦးထင်ကျော်ရဲ့ ဖခင်ဖြစ်တဲ့ ကွယ်လွန်သူ နိုင်ငံကျော် ကဗျာဆရာ၊ စာရေးဆရာကြီး မင်းသုဝဏ်ရဲ့ ပင်ကိုယ်ရေးနဲ့ဘာသာပြန် စာပေ လက်ရာတွေကို စုစည်းထားတာဖြစ်ပြီး တရုတ် - မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေတာ ဖြစ်ပါတယ်။

ဒါဟာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြောက်ခံရပြီးတဲ့နောက်မှာ ဦးထင်ကျော်အနေနဲ့ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက် လည်ပတ်ခြင်းလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG