သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ရင်းနှီးမြှုပ်နှံမှု မြန်မာလူထုကို အကျိုးမပြု


တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကနေ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ထပ်မံ တိုးမြှင့်မှုနဲ့အတူ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုးလာမှာကို လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်မကင်း ဖြစ်နေကြတာလည်း ရှိပါတယ်။ Earth Rights International ခေါ် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က လက်ရှိ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဒေသခံတွေ ဒုက္ခ ခံစားနေရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့မှာ ရောက်လာတဲ့ တရုတ်ဝန်ကြီးချုပ်ဟာ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ရွေးကောက်ပွဲ ကိစ္စတွေ ဆွေးနွေးဖို့အပြင် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေအတွက် သဘောတူ စာချုပ်တွေ လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ အများက တွက်ဆနေကြပါတယ်။ ဒီလို မြန်မာပြည်ထဲမှာ တရုတ်နိုင်ငံက စီးပွားရေးဆိုင်ရာတွေ တိုးမြှင့် လုပ်ဆောင်လာမှာကို စိုးရိမ်မကင်း ဖြစ်မိတယ်လို့ Earth Rights International သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ကိုနိုင်ထူးက ပြောပါတယ်။

“ကျနော်တို့ Earth Rights International အနေနဲ့ စိုးရိမ်မကင်း ဖြစ်ပါတယ်။ သူတို့လာပြီး ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လုပ်လာမယ်ဆိုရင် ဒီက ဒေသခံတွေ ပိုပြီးခံရမှာကို ကျနော် စိုးရိမ်ပါတယ်။ အခုလက်ရှိ တရုတ်စီမံကိန်းတွေကြောင့် ဖြစ်ထားတဲ့ ပြဿနာတွေက အများကြီး ရှိနေသေးတယ်။ လတ်တလော ခံနေရတာလည်း အများကြီး ရှိနေသေးတယ်။ အခု လာရောက်လည်ပတ်ပြီး သူတို့ ထပ်လက်မှတ်ထိုးသွားမယ့် ဟာတွေ၊ စီမံကိန်းလုပ်သွားမယ့် ဟာတွေ ထပ်ပြီး လုပ်မယ်ဆိုရင် မြန်မာပြည်သားတွေ အကျိုးတခုမှ မရှိဘူးဆိုတာ ကျနော် ပြောချင်ပါတယ်။”

တခြားနိုင်ငံတွေမှာ နိုင်ငံရပ်ခြားက လာရောက် ရင်းနှီးမြှုပ်နှံမှုတွေကနေ ဒေသခံတွေအတွက် အလုပ်လက်မဲ့ ပြဿနာ ပြေလည်စေတာမျိုးတွေ၊ နည်းပညာ တိုးပွားမှုမျိုးတွေလို အကျိုးဖြစ်ထွန်းမှုတွေ တွေ့ရပေမဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်း လာရောက် ရင်းနှီးမြှုပ်နှံမှုတွေမှာတော့ တရုတ်လုပ်သားတွေ သောင်းနဲ့ချီပြီး ဝင်လာတာမျိုးအပြင် ဒေသခံတွေအတွက် အကျိုးဖြစ်ထွန်းမှု မရှိဘဲ ဒုက္ခရောက်ရတာကိုသာ ERI အဖွဲ့က တွေ့ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

“အခု မြန်မာပြည်မှာ ပြဿနာပေါင်းစုံ ဖြစ်နေတယ်ဆိုတာ တော်တော်များများက ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဖြစ်နေတာ။ ပြီးခဲ့တဲ့ တလောတုန်းက ကျနော်တို့ ထုတ်ခဲ့တဲ့ Research မှတ်တမ်းထဲမှာ တရုတ်ကုမ္ပဏီ အခု ၆၀ လောက်က မြန်မာပြည်ထဲမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပဲ ဖြစ်ဖြစ်၊ သတ္တုတူးဖော်ရေးပဲ ဖြစ်ဖြစ်၊ ရေကာတာ တည်ဆောက်တာပဲ ဖြစ်ဖြစ်၊ ရွှေတွေ ငွေတွေ တူးဖော်တာပဲ ဖြစ်ဖြစ် သူတို့ ဝင်ရောက်လုပ်နေတာတွေ အများကြီးပဲ။

“ဒီလိုလုပ်နေတဲ့ အများကြီးအောက်မှာ ချိုးဖောက်မှုတွေ တော်တော်များများ ဖြစ်နေတယ်၊ ပြည်သူပြည်သားတွေ ခံနေရတယ်၊ ဒီစီမံကိန်းတွေကြောင့်။ အခုလက်ရှိ စစ်အစိုးရအောက်မှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေက တော်တော်များများ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ကြုံနေရတယ်။ ပြောရမယ်ဆိုရင်တော့ အများကြီးပဲ ရှိတာပေါ့။ အထူးသဖြင့် ကချင်ပြည်နယ်ထဲမှာ မြစ်ဆုံရေကာတာ တည်ဆောက်မယ့် အချိန်မှာ ရွာသူရွာသားတွေကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတာတွေ ဖြစ်နေတယ်။ ပြီးတော့ ရွာသူရွာသားတွေကိုလည်း လက်မခံဘူး။ ဒါပေမဲ့ အဲဒီလို စီမံကိန်းတွေ ဝင်လာတော့ သူတို့မှာ အတင်းအဓမ္မ ပြောင်းရွှေ့မှုတွေ ပြုခံနေရတယ်။

“နောက် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာ ဆိုရင်လည်း ပြည်သူပြည်သားတွေက သူတို့မှာ ဘာမှ မသိသေးဘူး၊ ဒီစီမံကိန်းနဲ့ ပတ်သက်တာတွေ။ ရခိုင်ပြည်ဘက်မှာ တချို့ဆိုရင် ပိုက်လိုင်းကြောင့် သူတို့ လယ်ယာတွေ၊ ခြံတွေ အသိမ်းခံရတာတွေ ဖြစ်နေပြီ။ ဒါတွေကလည်း တရုတ်ပြည်ကိုသွားမယ့် စီမံကိန်းတွေ အတွက်ကြောင့် ဖြစ်နေပါတယ်။”

ဒီလို ဒေသခံတွေ ဒုက္ခရောက်နေရတာမို့ မြန်မာနိုင်ငံထဲမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့အတွက် ERI အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

“လတ်တလော အခြေအနေမှာ မြန်မာပြည်ထဲကိုလာပြီး ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်သင့်ဘူးလို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရက လူ့အခွင့်အရေးကို အရေးတယူ မထားဘဲနဲ့ လုပ်ဆောင်သွားတဲ့အတွက် ပြည်သူတွေကို အကျိုးမဖြစ်စေဘဲ ဆိုးကျိုးဖြစ်စေတယ်။ နောက်တချက်ကလည်း ကျနော်တို့ တောင်းဆိုချင်တာ သူတို့ဆီမှာရှိတဲ့ ပါဝါတွေ၊ အာဏာတွေ သုံးပြီးတော့ စစ်အစိုးရ ပြောင်းလဲလာဖို့အတွက် လုပ်ဆောင်နိုင်မယ် ဆိုရင်လည်း ကောင်းတယ်လို့ ကျနော်တို့ မြင်ပါတယ်။

“အထူးသဖြင့် မြန်မာပြည်ထဲမှာ ရင်းနှီးမြှုပ်နံှနေတဲ့ တရုတ်ကုမ္ပဏီတွေကို သူတို့လုပ်နေတဲ့ ဒေသတွေမှာ လူ့အခွင့်အရေးတွေ မချိုးဖောက်ဖို့ရယ်၊ ပြီးတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ မရှိအောင် လုပ်နိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။ ဖြစ်နေတာက အခုလက်ရှိ စစ်အစိုးရအောက်မှာ ဖြစ်နေတာကိုး။ ကျနော်တို့ မြင်တာကတော့ လက်ရှိ စစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ ရှိနေသရွေ့ကတော့ ဒီစီမံကိန်းတွေ ဆက်မသွားသင့်ဘူးလို့ မြင်တယ်။ ဆက်ပြီး ထပ်မံ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ဖို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။”

ERI အဖွဲ့က ကိုနိုင်ထူး ပြောပြသွားတာ ဖြစ်ပါတယ်။

တရုတ်၊ မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ ၂၀၀၉ ခုနှစ်ထဲမှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ နီးပါးအထိ ရှိလာခဲ့တာမို့ အရင်နှစ်ကထက် ၁၀% တိုးလာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG