သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံ


မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်
မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်းရီ (Wang Yi) နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ဒီကနေ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံပြီး ၂ နိုင်ငံ ပူးပေါင်းဆောက်ရွက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဟာ သမ္မတဦးသိန်းစိန်နဲ့ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ်အဖြစ် ဇွန်လ ၂၇ ရက်ကနေ ဇွန်လ ၃၀ ရက်နေ့အထိ လိုက်ပါသွားတာဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း မြန်မာသမ္မတနဲ့ တရုတ်ခေါင်းဆောင်တွေကြား ရခဲ့တဲ့ သဘောတူညီချက်တွေကို အကောင်ထည်ဖေါ်ဖို့ ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။

၂ ဘက်ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းကြီးတွေကို အထောက်အကူပေးဖို့၊ တရုတ်-မြန်မာဖက်စပ် လုပ်ငန်းတွေကို ခိုင်မြဲအောင်လုပ်ဖို့၊ ၂ ဘက် မဟာမိတ် ဆက်ဆံရေး ရှေ့တိုးဆောင်ရွက်နိုင်ဖို့တွေအတွက် ၂ နိုင်ငံ လက်တွဲကြိုးစား ဖို့ သဘောတူခဲ့ကြပါတယ်။

တရုတ် အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်လို့ သဘောတူညီမှုရခဲ့သလို ပူးပေါင်းလုပ်ဆောင်မှုတွေ အရှိန်အဟုန်မြှင့်တင် သွားဖို့လည်း ပြောခဲ့ကြပါတယ်။

တောင်တရုတ်ပင်လယ်ပြင်တွင်းက နယ်မြေအငြင်းပွားမှုမှာ တိုက်ရိုက်ဆွေးနွေးညှှိနှိုင်းပြီး ဖြေရှင်းသင့်တယ်လို့ ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် တရုတ်နဲ့ အာဆီယံ ပူးပေါင်းဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့ကြပါတယ်။

မနေ့က ဘေဂျင်းမှာ ကျင်းပခဲ့တဲ့ တရုတ်၊ မြန်မာ၊ အိန္ဒိယ ၃ နိုင်ငံ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်ရေး သဘောတူညီမှု နှစ် ၆၀ ပြည့် အခမ်းအနားမှာတော့ မြန်မာသမ္မတဦးသိန်းစိန်က တနိုင်ငံနဲ့တနိုင်ငံ မကျူးကျော်ရေး၊ တဖက်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး၊ ၂ ဖက်အကျိုးအတွက် တန်းတူညီမျှရှိရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးစတဲ့ အခြေခံမူ ၅ ချက်ကို နိုင်ငံတကာ ဆက်ဆံရေးရဲ့ စံတွေအဖြစ် ကျင့်သုံးသင့်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

XS
SM
MD
LG