သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သစ်ခိုးထုတ်မှုနဲ့ လူ ၁၅၃ ဦး ထောင်ဒဏ်တသက် စီရင်ခံရမှု တရုတ်သံရုံးတုံ့ပြန်


မြန်မာနိုင်ငံမှာ သစ်ခိုးထုတ်လုပ်မှုနဲ့ ဒီနှစ်စောစောပိုင်းက မြန်မာစစ်တပ်က ဖမ်းဆီးခဲ့တဲ့ တရုတ်နိုင်ငံသား ၁၅၃ ယောက်ကို မနေ့က ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်တာဟာ ပြင်းထန်လွန်းကြောင်း ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ တည်ဆဲဥပဒေနှင့် ကိုက်ညီတယ်လို့ ထောက်ပြကြသလို မြန်မာ့နိုင်ငံရေး အကဲခတ်တွေကတော့ လက်ရှိ တရုတ်-မြန်မာ ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်ပေါ်နေတာကြောင့် အခုလို ပြင်းထန်တဲ့ စီရင်ချက် ချလိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ထဲက ၁၅၃ ယောက်ကို မြစ်ကြီးနားခရိုင်တရားရုံးကနေ ဇူလိုင်လ ၂၂ ရက်နေ့က ထောင်ဒဏ် တသက် ပြစ်ဒဏ် စီရင်လိုက်တာ ဖြစ်ပါတယ်။ ထောင်ဒဏ် တသက်တကျွန်း ဆိုတာကို မြန်မာနိုင်ငံ ရာဇသတ်ကြီးမှာ အနှစ် ၂၀ လို့ ပြောင်းလဲ သတ်မှတ်ရမည်လို့ ဖော်ပြထားပါတယ်။

အဲဒီစီရင်ချက်နဲ့ ပတ်သက်လို့ ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန် ပြောဆိုတာမှာတော့ - တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံစလုံးမှာရှိနေတဲ့ လူလိမ် ရာဇဝတ်ဂိုဏ်းတွေက မြန်မာနိုင်ငံထဲမှာ သစ်ခိုးခုတ်ဖို့ ဖျားယောင် သွေးဆောင် ခိုင်းစေမှုကြောင့် အခုလို အဖမ်းခံရခြင်းဖြစ်ကြောင်း၊ သူတို့အပေါ် ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ဟာလည်း ပြင်းထန်လွန်းကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို တရုတ်နိုင်ငံက သံတမန်ရေးနည်းလမ်းအရ အလေးအနက် အသိပေး အကြောင်းကြားထားကြောင်းလည်း တရုတ်သံရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တရားမဝင် သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသားတွေကို ၁၉၆၃ ခုနှစ်က ပြဌာန်းထားတဲ့ အပက ၃ - အများပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မအရ ထောင်ဒဏ် ၁၀ နှစ်ကနေ တသက်တကျွန်း ချမှတ်ပိုင်ခွင့်ရှိတဲ့ အထဲက အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ် အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။

အခုလို အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ် အပြစ်ပေးတာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“အပက - ၃ ကတော့ ကျနော်တို့ ဒီ တသက်တကျွန်း အပြစ်ဒဏ်ကတော့ အမြင့်ဆုံးပေးတဲ့ အပြစ်ဒဏ်ပေါ့နော်။ အနည်းဆုံးကတော့ ၁၀ နှစ်ကနေပြီးတော့ တသက်တကျွန်းအထိ ပေးနိုင်တဲ့ ပြစ်ဒဏ်ဖြစ်တယ်။ အဲတော့ ကျနော်တို့က ဒီ ဦးစန်းဆင့်ကို အရေးယူတုန်းကလည်း ဒီ အပက - ၃ နဲ့ပဲ အရေးယူထားတာဖြစ်တယ်။ ပြီးတော့မှ ထောင်ဒဏ်တွေ ချလိုက်တယ်။ အခု ကျနော်တို့ မြန်မာပြည်အတွင်းမှာရှိတဲ့ ကျွန်းသစ်တွေ သယံဇာတပစ္စည်းတွေကို ခိုးယူပြီးတော့ ထုတ်တဲ့ကိစ္စမှာလည်း ကျနော်တို့ အပက - ၃ နဲ့ စွဲထားတယ်။ အများပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေပုဒ်မ ၃ နဲ့ စွဲတယ်ဆိုတော့ကာ ဒါက လုပ်ရိုးလုပ်စဉ်ပဲ ဖြစ်ပါတယ်။ အဲတော့ ကျနော်တို့ တွက်ရင်တော့ ပြစ်ဒဏ်က နည်းတောင်နည်းသေးတယ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့။”

အဖမ်းခံထားရတဲ့ ကျန် တရုတ်နိုင်ငံသား ၂ ဦးကတော့ အသက် ၁၅ နှစ် ဝန်းကျင်စီသာ ရှိကြသေးတဲ့ လူငယ်တွေ ဖြစ်တဲ့အတွက် အနိမ့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ် အပြစ်ပေးလိုက်ပါတယ်။ အခုစီရင်ချက် ချခံလိုက်ရတဲ့ တရားခံတွေအနေနဲ့ သူတို့အပေါ် ချမှတ်လိုက်တဲ့ စီရင်ချက်ကို ရက် ၆၀ အတွင်း အယူခံဝင်ခွင့် ရှိပါသေးတယ်။

အခုလို အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်လိုက်တာဟာလည်း နောက်ပိုင်းမှာ သူတို့ကို ရက်လျှော့ လွှတ်ပေးလို့ရအောင် တမင် စီရင်ချက် ချလိုက်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဦးမင်းလွင်ဦးက ဆက်ပြောပါတယ်။

“ပြောမယ်ဆိုရင်တော့ဗျာ အမြင့်ဆုံးပြစ်ဒဏ် ပေးလိုက်တယ်ဆိုတာက ဒါက တဘက်နိုင်ငံကနေ ဖိအားပေးပြီး လွှတ်ပေးဖို့ ပြောလာတယ်ဆိုရင်လည်း သူတို့အနေနဲ့ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ပြန်လည် လွှဲပြောင်းပေးတယ်ဆိုပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အခါမှာ ပေးတဲ့အစဉ်အလာတွေ ရှိခဲ့တာကို ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့် ဒီသစ်လုံးတွေ ဖမ်းတဲ့ကိစ္စမှာ အမြင်ကောင်းအောင် အများပြည်သူတွေရဲ့ အမြင်မှာ မညှာမတာ ကိုယ့်နိုင်ငံအတွင်းကို ဝင်ပြီးတော့ ခိုးယူတဲ့သူတွေကို ထိရောက်စွာ အပြစ်ပေး အရေးယူတယ်ဆိုတာလောက် မြင်ရရုံလောက်ပဲ အပြစ်ပေးတယ်လို့ ကျနော်တော့ မြင်ပါတယ်။”

အရင်ကလည်း မြန်မာ့ရေပိုင်နက်အတွင်း ငါးခိုးဖမ်းတဲ့ နိုင်ငံခြားသားတွေကို ပြစ်ဒဏ်စီရင်ပြီး နောက်ပိုင်း ကာလအတန်ကြာမှ ပြန်လွှတ်ပေးလိုက်တဲ့ သာဓကတွေ ရှိခဲ့ဖူးတယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။ မြန်မာအစိုးရ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ သစ်တောဌာနတို့က ပူးတွဲပြုလုပ်တဲ့ တရားမဝင် သစ်ခိုးထုတ်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးအတွင်း ကချင်ပြည်နယ်ထဲမှာ မော်တော်ယာဉ် အစင်း ၄၀၀ ကျော်၊ သစ်လုံးပေါင်း ၁,၆၀၀ တို့နဲ့အတူ ဇန်နဝါရီလတုန်းက တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ တရားမဝင် သစ်ခိုးခုတ်တဲ့သူတွေကို မြန်မာအာဏာပိုင်တွေက အခုလို ပြင်းထန်တဲ့ စီရင်ချက် ချလိုက်တာဟာ အစိုးရအနေနဲ့ ပြည်တွင်းမှာ နိုင်ငံရေးအရ အမြတ်ထုက်လိုတဲ့ သဘောနဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ပြောဆိုမှုတွေ ထွက်ပေါ်နေပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေမှုကြောင့် ဖြစ်နိုင်ချေ ပိုများတယ်လို့ နိုင်ငံရေး သုတေသီ ဦးမင်းဇင်က သုံးသပ်ပါတယ်။

“လတ်တလော ဒီနိုင်ငံရေး အကျိုးအမြတ်အတွက် လုပ်တာမျိုးကို သူ ရှောင်ရှားချင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ တရုတ်ဟာ အိပ်နေတဲ့ နဂါး သွားမစွနဲ့ ဆိုတဲ့အမျိုးပဲလေ။ အန္တရာယ်ကြီးတာကိုး။ ကျနော်ထင်တာက ဘာကြောင့် ဒီရွေးကောက်ပွဲ လတ်တလောက် နိုင်ငံရေးအမြတ်ထုတ်တဲ့ကိစ္စထက် ကြီးမားတဲ့ အကြောင်းအချက်ရှိတယ်လို့ ပြောရသလဲဆိုတော့ တရုတ်-မြန်မာ ဆက်ဆံရေးဟာ ၁၉၆၀ နှောင်းပိုင်းတုန်းက အတော်ဆိုးခဲ့တယ်။ ၈၀ နှောင်းပိုင်းမှာ ပြန်ကောင်းလာတယ်။ အခု ဒီ ကျနော်တို့ ၂၀၁၂ နောက်ပိုင်းပေါ့နော် အဲဒီနောက်ပိုင်းမှာ တရုတ်-မြန်မာဆက်ဆံရေးဟာ ၈၀ နှောင်းပိုင်းကနေစပြီး ပြန်တွက်မယ်ဆိုရင် အဆိုးအချိန်၊ အညံ့ဆုံးအချိန်ကို ပြန်ရောက်မယ်လို့ သုံးသပ်လို့ရတယ်။ တရုတ်-မြန်မာဆက်ဆံရေးဟာ ယုံကြည်မှု အတော်အားနည်းလာတယ်။ တဘက်နဲ့တဘက် အားပြိုင်မှု ပိုများလာတယ်။ တဘက်နဲ့တဘက် တဆင့်ခံပေါ့နော် အားစမ်းမှုတွေ ပိုလုပ်လာတာ တွေ့ရတယ်။ အထူးသဖြင့် ကိုးကန့်ကိစ္စမျိုးဟာ ထူးခြားတဲ့ ဥပမာဖြစ်ပါတယ်။ ဆိုတော့က ဒီ အခုဖြစ်နေတဲ့ ကိစ္စတွေကိုလည်း ကျနော်ထင်တယ် ပထဝီနိုင်ငံရေး အခြေခံပေါ်ကနေပြီး ကြည့်ရင် ပိုပြီး မှန်ကန်မယ်လို့ ထင်ပါတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ လတ်တလော နိုင်ငံရေးအမြတ်ထုတ်ရုံလောက်ဆိုရင်တော့ ဒီအမြင်ဟာ ပြည့်စုံတယ်လို့ ကျနော် မထင်ပါဘူး။”

တရုတ်အစိုးရပိုင် အင်္ဂလိပ် သတင်းစာဖြစ်တဲ့ Global Times သတင်းစာကြီးရဲ့ ဇူလိုင်လ ၂၂ ရက်နေ့ထုတ် အယ်ဒီတာ့ အာဘော်မှာတော့ သစ်ခုတ်တဲ့သူတွေမှာ အပြစ်ရှိစေဦးတော့ အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်ဟာ ပြင်းထန်လွန်းကြောင်း၊ တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး တည်ရှိနေတဲ့ နိုင်ငံတွေဖြစ်ပေမဲ့လည်း မြန်မာနိုင်ငံအတွင်းက သယံဇာတတွေကို တရုတ်နိုင်ငံက ခေါင်းပုံဖြတ် အမြတ်ထုတ်နေကြောင်း မကြာသေးခင် ကာလတွေကစလို့ အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေက ကြားဝင် သတ်ရှိုနေကြကြောင်း ရေးသား ဖော်ပြထားပါတယ်ခင်ဗျာ။

XS
SM
MD
LG