သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်၊ မြန်မာ စစ်ရေးပူးပေါင်းမှု ဒေသတွင်း အန္တရာယ်ရှိနိုင်


မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အဖွဲ့ ၅ ရက်ကြာ တရုတ်ပြည် ခရီးစဉ်အတွင်း မြန်မာနဲ့ တရုတ် ၂ နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ လုပ်ကိုင်ကြဖို့ သဘောတူခဲ့ကြပါတယ်။ ဒီလို တိုးချဲ့မှုတွေ လုပ်လာရင် ဒေသတွင်း နိုင်ငံတွေရဲ့ လုံခြုံရေးအတွက် ပိုပြီး စိုးရိမ်စရာ ဖြစ်လာလိမ့်မယ်လို့ စောင့်ကြည့် လေ့လာသူတချို့က ဝေဖန်နေပါတယ်။ မြန်မာပြည်ရဲ့ အိမ်နီးချင်း အိန္ဒိယနဲ့ တရုတ် နိုင်ငံကြီးနှစ်ခုအကြား အန္တရာယ်ရှိတဲ့ ကစားကွက်နဲ့ စစ်အစိုးရ လုပ်နေတာဟာ မြန်မာပြည်သူတွေ အတွက်လည်း အန္တရာယ် ရှိနိုင်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင် ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

တရုတ် ရေတပ်သင်္ဘောကြီး ၂ စီး မြန်မာပြည်ကို ရောက်လာခဲ့ပြီး သီတင်း ၂ ပတ် အကြာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အဖွဲ့ တရုတ်ပြည်ကို ရောက်လာခဲ့တာပါ။ နှစ်နိုင်ငံ ဆက်ဆံရေး ပိုပြီး ခိုင်မာတိုးတက်ရေး ဆောင်ရွက်မှုတွေထဲမှာ စစ်ရေးအရပါ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်ကြဖို့ မနေ့က သဘောတူညီခဲ့ကြပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီဝင် သူရ ဦးရွှေမန်းနဲ့ တရုတ် စစ်ဦးစီးချုပ် ချန်ဘင်ဒီး (Chen Bingde) တို့ မနေ့က တွေ့ဆုံကြပြီး ၂ နိုင်ငံ စစ်တပ်တွေ ပူးပေါင်း လုပ်ဆောင်မှုတွေ တိုးမြှင့်ကြဖို့ ပြောခဲ့ကြတာပါ။

အခုလို စစ်ရေးအရ ခိုင်မာမှုရှိအောင် ၂ ဘက် တိုးတက်အောင် ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုတဲ့ ကိစ္စက တကယ့်ကိုပဲ အရေးကြီးလှတဲ့ လုပ်ငန်း ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ကြတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ ၁၉၈၈ ခုနှစ်ကစလို့ မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်း အုပ်ချုပ်ခဲ့တဲ့ ကာလတလျှောက်လုံး တရုတ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေထဲမှာ စစ်ရေးအရပါ သိသိသာသာ တိုးမြှင့်လာခဲ့တဲ့အကြောင်း ၂ နိုင်ငံ ဆက်ဆံရေးကို စောင့်ကြည့် လေ့လာနေတဲ့ တရုတ်၊ မြန်မာ နယ်စပ်အခြေစိုက် ဦးအောင်ကျော်ဇောက ရှင်းပြပါတယ်။

“၁၉၈၈ ခုနှစ် နောက်ပိုင်းပေါ့၊ ၈၉ ခုနှစ် တီအန်မန် အရေးအခင်း ဖြစ်ပြီး နောက်ပိုင်းဆိုရင်တော့ ပိုပြီးတော့ သိသိသာသာ နှစ်နိုင်ငံ အစိုးရချင်း၊ စစ်တပ်ချင်း ဆက်ဆံမှုက ပိုများလာတယ်။ အနောက်နိုင်ငံတွေက လက်နက် ရောင်းဝယ်မှု ပိတ်တဲ့အတွက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက လက်နက်တွေကို ဝယ်ယူ သုံးစွဲခဲ့တဲ့ မြန်မာစစ်တပ်က တရုတ်ပြည်၊ တရုတ်စစ်တပ်ကို လက်နက်တွေ ပြောင်းတပ်ရတယ်။ လက်နက်ဝယ်တဲ့အခါ လက်နက်အတွက် လေ့ကျင့်ပေးဖို့၊ စစ်ယန္တရားပစ္စည်းတွေ ဝယ်ယူဖို့ တင့်ကားတို့၊ စစ်လေယာဉ်ပျံတို့၊ စစ်သင်္ဘောတို့၊ အထူးသဖြင့် ရေတပ်နဲ့ ဆက်ဆံမှုက ပိုပြီးများတယ်။

“၉၇ လောက်မှာဆို ဒု-ဗိုလ်မှူးကြီးအထက် အဆင့်မြင့် လေ့လာရေး လူ ၁၀၀ ကျော်လောက် ပါတဲ့အဖွဲ့ တရုတ်ပြည်ကိုသွားပြီး စစ်သင်တန်းကျောင်းကို သွားကြတယ်။ သွားပြီး တနှစ်နီးပါးလောက် တက်တာ ရှိတယ်။ တရုတ်ပြည်က လက်နက်ဝယ်ရာမှာ အထူးသဖြင့် ၂၀၀၄၊ ၂၀၀၅ နောက်ပိုင်းမှာတော့ ကျည်ဆံလုပ်တဲ့ စက်ရုံပါ ပါတော့ အဲဒါကတော့ ရင်းနှီးမှုက ပိုကြီးပြီးတော့ တရုတ်ပြည်ရဲ့ စစ်လက်နက်ထုတ်တဲ့ ဌာနနဲ့ မြန်မာပြည်ရဲ့ စက်လက်နက်ထုတ်တဲ့ ဌာနတွေ ပူးပေါင်း ဆောင်ရွက်မှုတွေက အများကြီး ဖြစ်လာတယ်။”

မြန်မာပြည်ဟာ တရုတ်ရဲ့ ဒေသတွင်း စစ်ရေးဖြန့်ကျက်မှုမှာ ဗျူဟာကျတဲ့နိုင်ငံ ဖြစ်ပါတယ်။ အထူးသဖြင့် ပင်လယ်ပြင် စိုးမိုးရေးကိစ္စမှာ တရုတ်ဘက်က ပိုပြီး လှုပ်ရှားလာလို့ သူ့အကျိုးစီးပွားအတွက် မြန်မာစစ်အစိုးရနဲ့ အပြေလည်ဆုံးဖြစ်အောင် ဆက်ဆံနေတာလို့လည်း ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

“နဂိုကတည်းက တရုတ်ပြည်ရဲ့ သမုဒ္ဒရာနှစ်ခု သေနင်္ဂဗျူဟာ ပေါ်လာပြီးနောက်မှာ Blue Water ကနေပြီးတော့ ပင်လယ်ကို စိုးမိုးနိုင်တဲ့ ရေတပ်တတပ် တည်ထောင်ဖို့ သူတို့ ကြိုးစားနေတာကိုး။ အဲဒီတော့ တရုတ်ရေတပ်မှာ သူ့နိုင်ငံရဲ့ ကြီးထွားမှုအရ သူ့ရဲ့ စီးပွားရေး အင်အားနဲ့ တိုင်းပြည်အတွက် ခုခံကာကွယ်ဖို့ လိုအပ်တဲ့ ပင်လယ်ပြာ ရေတပ်မတော်အတွက် ဒုတိယ လမ်းကြောင်းဖြစ်တဲ့ အိန္ဒိယ Ocean ကို စိုးမိုးဖို့ဆိုတာ မြန်မာပြည်ဟာ အချက်အချာကျတဲ့ အနေအထားဖြစ်တော့ မြန်မာရေတပ်နဲ့ သူနဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေက သူ့အတွက် အကျိုး အများကြီး ရှိပါတယ်။”

တရုတ်ရဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေဟာ မြန်မာပြည်နဲ့ကပ်ရက် ထိုင်းနိုင်ငံနဲ့လည်း လုပ်ကြဖို့ ပြီးခဲ့တဲ့ လပိုင်းတုန်းကပဲ သဘောတူထားကြတာပါ။ ဒေသတွင်း နိုင်ငံတချို့နဲ့ စစ်ရေးပူးပေါင်းမှုတွေ တရုတ်ဘက်က တိုးမြှင့်လာတာကို သဘောမကျတဲ့ အာရှနိုင်ငံတွေလည်း ရှိမှာ အမှန်ပဲလို့ ဆိုပါတယ်။

“သူ့အကျိုးစီးပွားကို ကာကွယ်တဲ့အခါမှာ သူ့ရေတပ်ကလည်း ကမ်းရိုးတန်း ကာကွယ်ရေးတပ် မဟုတ်တော့ အဲဒီလိုပဲ သူ့ရဲ့ တပ်မတော်ကြည်းကလည်း သူ့ရဲ့ ပြင်ပမှာရှိတဲ့ အကျိုးစီးပွားတွေ ကာကွယ်ဖို့၊ သူ့ရဲ့ ရေကြောင်း လမ်းကြောင်းတွေကို ကာကွယ်ဖို့အတွက် လိုအပ်လာတဲ့အောက်မှာ တိုးချဲ့ပြီး သူ့ရဲ့ စီးပွားရေး လမ်းကြောင်းတွေကို ကာကွယ်ရမယ့် အနေအထားမျိုး ဖြစ်လာတယ်။

“အဲဒီတော့ အများအမြင်မှာတော့ တစုံတရာ သူ့အင်အား ကြီးထွားမှုဟာ၊ အထူးသဖြင့် ဗီယက်နမ်လို နိုင်ငံမျိုးတွေ၊ ဂျပန်လို နိုင်ငံမျိုးတွေ အတွက်တော့ စိတ်မသက်သာစရာ ဖြစ်လာတာ အမှန်ပါပဲ။”

မြန်မာစစ်အစိုးရဟာ နိုင်ငံရဲ့ တဘက်ခြမ်းမှာရှိတဲ့ အိန္ဒိယနိုင်ငံနဲ့လည်း စစ်ရေးအရ ဆက်ဆံမှုတွေကို တိုးမြှင့်နေတာပါ။ တရုတ်နဲ့ အိန္ဒိယလို အင်အားကြီး ၂ နိုင်ငံအကြားမှာ နေပြီး စစ်ရေးအရ ကစားကွက်တွေကို မြန်မာစစ်အစိုးရက တိုးမြှင့်ပြီး လုပ်နေတာဟာ မြန်မာပြည်သူတွေ အတွက်ပါ အန္တရာယ်ရှိတယ်လို့ ဦးအောင်ကျော်ဇောက ယူဆပါတယ်။

“ကျနော်တို့ တိုင်းပြည်က သေးငယ်တယ်။ နိုင်ငံကြီး နှစ်နိုင်ငံကြားမှာ နေတယ် ဆိုတာတော့ နှစ်နိုင်ငံစလုံး သင့်တင့်လျောက်ပတ်စွာ ဆက်ဆံရမှာ အမှန်ပဲ။ ဒါပေမဲ့ သူ့ရဲ့ ဆက်ဆံနည်းက အဲဒီလို မဟုတ်ဘဲနဲ့ သူက ကစားတာ ဖြစ်တာကိုး။ ကစားတော့ တနေ့နေ့ တချိန်ချိန်မှာတော့ ပြဿနာ ဖြစ်မှာပဲ။ ဖြစ်လာရင် တိုင်းပြည်ပဲ ခံရမှာပေါ့။ အဲဒီတော့ တိုင်းပြည်နဲ့ ပြည်သူ ခံရမှာကိုတော့ ဘယ်တော့မှ ထည့်မတွေးဘူး။ ဒါ ရေရှည်မှာ တိုင်းပြည်ကို အများကြီး ထိခိုက်နိုင်တယ်ဆိုတာ လူတိုင်း သိနိုင်ပါတယ်။”

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေကို နှိပ်ကွပ်မှုတွေကြောင့် အနောက်နိုင်ငံ တော်တော်များများက ကန့်သတ် ပိတ်ဆို့မှုတွေ လုပ်နေတဲ့အချိန်မှာ တရုတ်အစိုးရက မြန်မာစစ်အစိုးရကို နိုင်ငံတကာမှာ အကာအကွယ် ပေးနေတာပါ။ တဘက်မှာလည်း တရုတ်ရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေက မြန်မာပြည်မှာ များသထက် များလာနေပါတယ်။ စစ်အစိုးရကို အကာအကွယ် ပေးနေတာကြောင့်လည်း တရုတ်ရဲ့ လုပ်ရပ်ကို နိုင်ငံတော်တော်များများက အပြစ်တင် ဝေဖန်နေကြတာပါ။

အခုလို တရုတ်၊ မြန်မာ ၂ နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ကြမယ် ဆိုတာကြောင့်လည်း ဝေဖန်မှုတွေ ပိုများလာလိမ့်မယ်လို့လည်း စောင့်ကြည့် လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

XS
SM
MD
LG