သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံတွင်း မြန်မာမွတ်ဆလင် ၄၀ ကျော် မြန်မာဘက်လွှဲပြောင်း


တရုတ် မြန်မာ နယ်စပ်ဂိတ်
တရုတ် မြန်မာ နယ်စပ်ဂိတ်

[[Zawgyi/Unicode]]

နေရပ်ပြန်ဖို့ဆန္ဒရှိနေတဲ့ မွတ်ဆလင် ၂,၀၀၀ ကို မြန်မာနိုင်ငံထဲ ပြန်လွှဲပြောင်းမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလထဲမှာ တရုတ်က မြန်မာဘက်က တာဝန်ရှိသူတွေကို စာပေးပို့ပြီးတဲ့နောက် အခု တနင်္လာနေ့မှာ ပထမဦးဆုံးအနေနဲ့ အယောက် ၄၀ ကျော်ကို စပြီးပို့ခဲ့ပါတယ်။ သူတို့က အထောက် အထား အပြည့်အစုံရှိတဲ့သူတွေဖြစ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်ကဖြစ်တယ်လို့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကရေးသားပေးပို့တဲ့သတင်းကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံကလာတဲ့ မွတ်ဆလင် အယောက် ၂,၀၀၀ ကို ပြန်ပြီးလွှဲပြောင်းမေးမယ်လို့ မူဆယ်မြို့က မြန်မာတာဝန်ရှိသူတွေကို တရုတ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ စာပေးပို့ပြီး အကြောင်းကြားခဲ့တာပါ။ မြန်မာဘက်က သူတို့ဟာ နိုင်ငံသားဟုတ်မဟုတ် သေချာစစ်ဆေးပြီးမှ လက်ခံသွားမယ်လို့ တရုတ်ကို အကြောင်းပြန်ခဲ့ပြီး အခု ဇန်နဝါရီလ ၁၀ ရက် တနင်္လာနေ့မှာ ပထမဦးဆုံး အယောက် ၄၀ ကျော်ကို စပြီးလက်ခံလိုက်တာ ဖြစ်ပါတယ်။ သူတို့ဟာ ရန်ကုန်၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်က လာတဲ့သူတွေဖြစ်တယ်လို့ မူဆယ်နန်းတော်ဂိတ် ပြန်လည်လက်ခံရေးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက ဗွီအိုအေကို ပြောပါတယ်။

“တနင်္လာနေ့ကဗျာ ကျနော်တို့က ၄၄ ယောက် လက်ခံတယ်ဗျာ၊ အထောက်အထားတွေဘာတွေ စိစစ်တာကတော့ နိုင်ငံသားမှတ်ပုံတင်တွေဘာတွေ ပြန်ပြီးတော့ စစ်တာပေါ့။ ပြည်နယ်နဲ့တိုင်းအလိုက် သူ့ရှိတဲ့ မှတ်ပုံတင်လုပ်တဲ့မြို့ ပေါ့နော်။ နိုင်ငံသား ဟုတ်၊ မဟုတ်ဆိုတဲ့ဟာပေါ့။ နိုင်ငံသားဖြစ် ကာမှ ပြန်ပြီးလက်ခံတဲ့သဘောပါ။”

ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလထဲတုန်းက ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးနဲ့ ပန်ဆိုင်းမြို့နယ်ကြားမှာရှိတဲ့ မထင်မရှား နယ်စပ်လမ်းတခုကနေ မွတ်ဆလင် အယောက် ၁၀၀ ကျော်ကို တရုတ်လုံခြုံရေးတပ်ဖွဲ့တွေက မြန်မာဘက် အသိမပေးဘဲ ပို့ဆောင်ခဲ့ပါတယ်။ ဒီ မွတ်ဆလင်တွေကို ပန်ဆိုင်းမြို့နယ်ရဲစခန်းက ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ ဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာ တရုတ်အာဏာပိုင်တွေက မြန်မာဘက်ကို မွတ်စလင် ၂,၀၀၀ ပြန်လွှဲပေးမယ်ဆိုပြီး စာနဲ့တရားဝင် အသိပေးလာတာပါ။

အခု တရုတ်ဘက်က မွတ်ဆလင်အယောက် ၂,၀၀၀ ကို တရားဝင်လွှဲပြောင်းမယ်ဆိုတဲ့ ကိစ္စကြောင့် ရခိုင်ပြည်နယ်က မွတ်ဆလင်တွေက ပိုပြီး အစစ်အဆေးခံရနိုင်တယ်လို့ မူဆယ်မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“အဓိကတော့ ရခိုင် မွတ်ဆလင်ကိုပဲ အဓိကစစ်မှာပေါ့။ ရှမ်းမြောက်တို့၊ ရှမ်းပြည်တို့၊ မန္တလေးတို့ ဒီနားတဝိုက်က မွတ်ဆလင်တွေကိုတော့ ဒီလောက်စစ်တာ မရှိပါဘူး။ အရင်တုန်းကလည်း ပြန်လာတယ်ဆိုရင် ဒီအတိုင်းပဲ လက်ခံနေတာပဲလေ။ အဓိက ဒီ ၂,၀၀၀ ကျော်ကိစ္စကတော့ ရခိုင် မွတ်ဆလင်မို့လို့သာ သူတို့ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းကို confirm ပြန်လုပ်တာဖြစ်မယ်။ သူတို့တွေက မှတ်ပုံတင်၊ ဒါက အောက်အပေါက် ပြောတာပေါ့နော်၊ တချို့လည်း မှတ်ပုံတင် ပွားကိုင်တာရှိတယ်၊ တချို့လည်း မှတ်ပုံတင် အမျိုးမျိုးရထားတာတွေ ရှိတယ်။ အဓိက အဲဒါကိုစစ်ချင်လို့ ဟုတ်မှလက်ခံမယ်၊ မဟုတ်လက်မခံဘူးဆိုတဲ့ ပုံစံမျိုးထင်တယ်။ ဒါကြောင့် ဟိုဘက် (တရုတ်) ကလည်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ခိုးပေါက်ကနေ ပို့နေတော့ အဲဒါကိုအဓိက ကြီးကြပ်တာထင်တယ်။”

တရုတ်နိုင်ငံထဲမှာ သွားရောက်အလုပ်လုပ်နေတဲ့ မွတ်ဆလင်အများစုဟာ အလုပ်အကိုင်အဆင်ပြေကြပြီး တချို့ဆိုရင် လုပ်ငန်းအဆင်ပြေကြသလို တချို့လည်း လုပ်ငန်းပိုင်ဆိုင်မှုတွေ ရှိကြပါတယ်။ အခု မွတ်စလင် ၂,၀၀၀ လွှဲပြောင်းပေးမယ်လို့ တရုတ်အာဏာပိုင်တွေ ပြောထားတဲ့အထဲမှာ ဘယ်လို လူမျိုးတွေကို ပြန်ပို့မှာလဲဆိုတာတော့ အတိအကျ မရှင်းလင်းသေးပါဘူး။

မွတ်ဆလင်အယောက် ၂၀၀၀ ကိုတစုတဝေးတည်း ပြန်လွှဲပေးမယ်လို့ တရုတ်ဘက်ပြောလာတာဟာ ထူးခြားနေတယ်လို့ ရှမ်းမြောက်အခြေစိုက် ပရဟိတအဖွဲ့တချို့က ဗွီအိုအေကို ပြောပါတယ်။

တရုတ်ပြည်ထဲမှာ အလုပ်လုပ်ရင်း အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံပြန်ချင်သူတွေကို တရုတ်ဘက်က လွှဲပြောင်းပေးတာမှာ အများစုက ဗမာ၊ ရခိုင်၊ ရှမ်း၊ ကချင် လူမျိုးတွေ အများဆုံးဖြစ်ပါတယ်။ တရက်ကို အယောက် ၁၅၀ လောက်နေရပ်ပြန်နေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ၆လအတွင်းမှာ အယောက် ၂၀,၀၀၀ ကျော်လောက် နေရပ်ပြန်ခဲ့ကြပါတယ်။

တရုတ်ဟာ ကပ်ရောဂါအကြောင်းပြပြီး မြန်မာနဲ့နယ်စပ် ကုန်သွယ်ရေးကို လိုသလိုထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ မြန်မာကုန်သည်တွေက သူတို့အမြင်ကို ပြောပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက် နယ်စပ်ကုန်သွယ်ရေး အကန့်အသတ်တွေ တိုးလာတာကြောင့် ဒါဟာနိုင်ငံရေးဖိအားတခု ဖြစ်ဖွယ်ရှိတယ်လို့လည်း ကုန်သည်တွေက ယူဆကြပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]













===========

XS
SM
MD
LG