သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံပြဿနာ အဖြေရှာရေး တရုတ်-မြန်မာအတွက် အရေးကြီး


တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးမှာ အငြင်းပွားစရာရှိနေတဲ့ မြစ်ဆုံဆည်စီမံကိန်း စာချုပ် အချက်အလက်တွေကို အများပြည်သူသိအောင် လတ်တလောချပြဖို့ အခက်အခဲ ရှိလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မနေ့က နေပြည်တော်ကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်ရဲ့အငြင်းပွားစရာ စီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘယ်လိုကိုင်တွယ်ဖို့ အလားအလာရှိနိုင်မလဲ။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

မနေ့က သတင်းစာရှင်းလင်းပွဲမှာ တရုတ်ရဲ့ မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်လို့ အချက်အလက်တွေကို အများပြည်သူသိအောင် ဘယ်အချိန်ထုတ်ဖော်ပြောဆိုဖို့ရှိပါသလဲလို့ သတင်းထောက်တဦးက ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းရာမှာ သူက အခုလို ပြောသွားတာပါ။

"စာချုပ်က ကျမတောင်မှ မဖတ်ရသေးဘူး။ အဲတော့ ပြည်သူလူထုကို ချပြဖို့ဆိုတာ ခက်ပါလိမ့်မယ်။"

ကချင်လူထုအပါအဝင် မြန်မာပြည်သူအများစုက ကန့်ကွက်ထားတဲ့ ကချင်ပြည်နယ် ဧရာဝတီမြစ်ကြောင်း စတင်တဲ့နေရာမှာရှိနေတဲ့ တရုတ်ရဲ့ မြစ်ဆုံဆည်စီမံကိန်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတာပါ။ ဒါကြောင့် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်ကိုကြည့်ရင် ဒီစီမံကိန်းနဲ့ ပတ်သက်လို့ သူ့ဘက်က သတိကြီးကြီးနဲ့ ကိုင်တွယ်ဖြေရှင်းလိုတာ တွေ့ရတယ်လို့ ဝါရှင်တန်အခြေစိုက် Stimson Center သုတေသနဌာနက တရုတ်သုတေသီ Yun Sun က သုံးသပ်ပါတယ်။

"သူက စာချုပ်ရဲ့အသေးစိတ် အချက်အလက်တွေ သိနိုင်ဖို့ စာချုပ်ကို ပြန်လေ့လာဖို့လိုတယ်။ ဒါမှစီမံကိန်းရဲ့ အဆိုးအကောင်းကို ခွဲခြားစိတ်ဖြာ သိရှိနိုင် မှာဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့တာကတော့ လက်ခံနိုင်စရာ အကြောင်းပြချက်ပါပဲ။ ဒါပေမဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ကျမတို့ သိထားတဲ့အတိုင်း မြစ်ဆုံကိစ္စက သိပ်ကိုသတိထားရမယ့် အချက်ပါ။ ဒီစီမံကိန်းကိုပြန်စမယ်လို့ ပြောဆိုမှုမှန်သမျှဟာ နိုင်ငံရေးအရ သိပ်ကို ဒုက္ခရောက်စေနိုင်တာဖြစ်ပြီး မြန်မာ့လူ့အဖွဲ့အစည်းကလည်း လက်ခံကြမှာ မဟုတ်ပါဘူး။ NLD အစိုးရလက်ထက်မှာ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ မဟာမိတ်ဖြစ်တယ်ဆိုတာကို ပြသလိုတယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့လို့လည်း မြစ်ဆုံကိစ္စနဲ့ပတ်သက်လို့ကတော့ အခုလိုသူပြောလိုက်တာကတော့ ဒီအကြောင်းနဲ့ ပတ်သက်လို့ လောလောဆယ်ဆိုင်းထားလိုပြီး ဘာမှမပြောလိုသေးဘူးလို့ ပြောခဲ့ပုံရပါတယ်။"

ဒီမြစ်ဆုံဆည်စီမံကိန်းဟာ မြန်မာနိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ဖျားစတင်တဲ့နေရာမှာဖြစ်တာ ကြောင့် စီမံကိန်းရဲ့ဆိုကျိုးအနေနဲ့ ဒီမြစ်တလျောက် မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေရဲ့လူမှုဘဝတွေ ထိခိုက်နစ်နာမှုတွေ ပိုပြီးများနေကြောင်း လူမှုအဖွဲ့အစည်းတွေက ထောက်ပြ ကန့်ကွက်ထားတာပါ။ ဒါအပြင် ၂၀၀၇ ခုနှစ်လောက်မှာ စတင်ခဲ့တဲ့ ဒီဆည်စီမံကိန်းကြောင့် ဒေသခံကချင်လူထုတွေအတွက်လည်း ဆုံးရှုံးနစ်နာမှှုတွေ အများကြီးရှိခဲ့တယ်လို့ ဝါရှင်တန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gam San က ပြောပါတယ်။

"လျှပ်စစ်မီးကလည်း တကယ်ဆို ကျနော်တို့ဘက် ပြောပလောက်အောင် ရမှာမဟုတ်ပါဘူး။ အဓိကကတော့ အကုန်လုံး တရုတ်ပြည်ကို ပို့မယ့် ကိစ္စပါ။ ကျောက်စိမ်းကိစ္စလိုမျိုးပေ့ါ။ ဌာနေတိုင်းရင်းသားတွေက ဘာမှ ရတာမဟုတ်ဘူး။ အခုဆိုရင် အိမ်ခြေပေါင်းအများကြီးပဲ။ ဒေသခံရွာတွေ ဘယ်ရောက်သွားသလဲ။ အကုန်လုံး ရွှေ့ပြောင်းခဲ့ရတယ်လေ။ ဌာနတိုင်းရင်းသားတွေအတွက် ဒီစီမံကိန်းက ဘယ်လိုအကျိုးရှိနိုင်မလဲ။ အဲဒါကို ထောက်ပြချင်တာပါ။"

အခုလို မြစ်ဆုံဆည်စီမံကိန်းကို ပြန်ပြီးစတင်ဖို့ အများပြည်သူလက်မခံတဲ့အနေအထားမှာ တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့အနာဂတ် ဆက်ဆံရေးအတွက် ဒီစီမံကိန်းကြီးကို ဆက်လုပ်ဖို့ ဘယ်လောက်ထိ အရေးပါမလဲဆိုတဲ့ သတင်းထောက်တဦးရဲ့ မေးခွန်းကိုတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က စကားပြန်ကတဆင့် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

"တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံဖြိုးတိုးတက်စေဖို့ စေတနာရှိရှိ ဖော်ဆောင်နေတာတွေ ရှိပါတယ်။ ဒါကတရုတ်အစိုးရနဲ့ တရုတ်ပြည်သူတွေရဲ့ ရင်ထဲသဘောထား ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ အကြီးစားစီမံကိန်းတွေဟာ များသောအားဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီပူးပေါင်းဆောင်ရွက်မှုဟာ တရုတ်-မြန်မာချစ်ကြည်ရေးကို ပြသနေတာလည်း ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီအနေနဲ့လည်း အခုဆောင်ရွက်နေတဲ့ စီမံကိန်းများကို ဒေသခံပြည်သူလူထုကို အကျိုးအမြတ်ခံစားနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပါတယ်။"

ဒီဖြေကြားချက်ကိုကြည့်ရင် တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေဘက်က အမြင်ကြည်လင်မှုကို ရရှိဖို့ အစွမ်းကုန်ကြိုးစားနေတယ်ဆိုတာ တွေ့မြင်ရတယ်လို့ Yun Sun က ပြောပါတယ်။

"တရုတ်က မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်လိုတယ်ဆိုတာကတော့ ရှင်းပါတယ်။ အတိတ်က တရုတ်က မြန်မာစစ်အစိုးရနဲ့ ဆက်ဆံခဲ့ပြီး မြန်မာ့လူ့အဖွဲ့အစည်းက မကြိုက်တဲ့သဘောတူညီမှုတွေ လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က တရုတ်အစိုးရကနေ မြန်မာနိုင်ငံသားတွေကို ပြသဖို့ကြိုးစားခဲ့တာက တရုတ်ဟာ မြန်မာနိုင်ငံရဲ့မိတ်ဆွေဖြစ်တယ်၊ မြန်မာနိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှု၊ လူနေမှုအဆင့်အတန်းမြှင့်တင်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့လိုတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအများစုက ဘယ်လိုသဘောထားသလဲဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ခုတော့ NLD အစိုးရဘက်ကတုန့်ပြန်ရမယ့်အလှည့်ရောက်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဓိကအားဖြင့် တရုတ်နဲ့ သမိုင်းစာမျက်နှာသစ်စတင်လိုပေမဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ မြစ်ဆုံကိစ္စအဖြေရှာနိုင်ရေးဟာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ တရုတ်မြန်မာဆက်ဆံရေးအကြောင်းပြောတိုင်း လူတွေက ဒီအကြောင်းကို အမြဲပဲထည့်ပြောကြတယ်။ စီမံကိန်းရှေ့ဘယ်လိုဆက်မလဲ၊ မြန်မာဘက်က အပြီးအပိုင်ဖြတ်ပစ်မလား၊ တရုတ်ဘက်ကပဲ ဆက်ပြီးဖိအားပေးသွားမလား၊ နှစ်နိုင်ငံလုံးကတော့ ဒီကိစ္စကိုအဖြေရှာရာမှာ နှစ်ဖက်လုံးထိခိုက်မှုနဲနိုင်သမျှနဲပြီး အေးအေးဆေးဆေးပြီးစီးသွားဖို့ လိုလားပုံရပါတယ်။"

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံမှာကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်လာတဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang ကလည်း မြန်မာပြည်စွမ်းအင်၊ စိုက်ပျိူးရေး၊ ဆက်သွယ်ရေး၊ အခြေခံ အဆောက်အဦးတွေနဲ့ ဘဏ္ဍာရေး စတဲ့ ကဏ္ဍတွေမှာ အမေရိကန် ၇ ဘီလီယံကျော် ထောက်ပံ့ရေး အစီအစဉ်အတွက် လက်မှတ်ရေးထိုး သဘောတူညီခဲ့ပါတယ်။ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ နှစ်ရက်ကြာခရီးစဉ်ဟာ NLD အစိုးရသစ်ကို ဂုဏ်ပြုဖို့နဲ့ နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှု ဆက်ပြီး ခိုင်မြဲစေဖို့အတွက် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG