မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်နိုင်ငံ ၅ ရက်ကြာ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်ကို ဒီနေ့ စတင်လိုက်တဲ့ အချိန်မှာပဲ လာမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေကနေ ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ဘူးလို့ တရုတ်အစိုးရက ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘေဂျင်းမြို့တော်ကနေ ဗွီအိုအေ သတင်းထောက် ပီတာ စင်မ်စန် (Peter Simpson) သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အင်္ဂါနေ့မှာ တရုတ်နိုင်ငံကို လာရောက်တဲ့အတွက် တရုတ်အစိုးရက ကြိုဆိုဖို့ ပြင်ဆင်နေတာနဲ့ အတူ ရင်းနှီးကျွမ်းဝင်လှတဲ့ တရုတ်၊ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ခပ်မာမာပဲ တုံ့ပြန် ပြောကြားခဲ့ပါတယ်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မစ်စ် ကျန်းယု (Jiang Yu) က မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ခင်မင်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံ တနိုင်ငံ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ အရေးကိစ္စသာဖြစ်ပြီး နိုင်ငံတကာက ဝင်ရောက် မစွက်ဖက်ဖို့ ပြောကြားလိုက်ပါတယ်။
“မြန်မာစစ်အစိုးရကို နိုင်ငံတကာက ဝေဖန် ပြောဆိုနေကြတာတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလမ်းစဉ်အတွက်၊ အထူးသဖြင့် အခုလို ရွေးကောက်ပွဲ အကြိုကာလမှာ အနှုတ်လက္ခဏာသဘော သက်ရောက်စေတာမို့ ဒါကို ရှောင်ရှားကြဖို့။” တရုတ်ဘာသာနဲ့ ပြောသွားပါတယ်။
အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံ အတော်များများက နှစ်ပေါင်း ၂၀ ကျော်မှာမှ ပထမဆုံး ကျင်းပပေးမယ့် ဒီရွေးကောက်ပွဲဟာ တရားမျှတမယ့်ပုံ မပေါ်ဘူးလို့ ဝေဖန်နေကြပါတယ်။ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ အတိုက်အခံ အဖွဲ့တွေကလည်း ဒီရွေးကောက်ပွဲဟာ မြန်မာစစ်အစိုးရကို သက်ဆိုးရှည်အောင် လုပ်ပေးတဲ့ ရွေးကောက်ပွဲအဖြစ် မြင်ကြပါတယ်။ မစ်စ် ကျန်းယုက မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာက ကြားဝင် နှောင့်ယှက်တာမျိုး တရုတ်အစိုးရက မလိုလားကြောင်း ပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စက်တင်ဘာလ ၇ ရက်ကနေ ၁၁ ရက် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) နဲ့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားဘောင် (Wen Jiabao) တို့နဲ့ တွေ့ဆုံဖို့ ရှိကြောင်းလည်း ပြောကြားပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဒီခရီးစဉ်ကနေ အိမ်နီးချင်း နှစ်နိုင်ငံအကြား ကျွမ်းဝင်ပြီးသား ဆက်ဆံရေးကို ပိုမို ခိုင်မြဲစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်၊ မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြန်လှန် သုံးသပ်ဖို့နဲ့ နှစ်နိုင်ငံ ပြည်တွင်းရေး အခြေအနေတွေ၊ နှစ်နိုင်ငံ အပြန်အလှန် အကျိုးစီးပွား ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် လက်ရှိ စီးပွားရေး အချက်အချာကျတဲ့ နေရာတွေဖြစ်တဲ့ ရှန်ဟိုင်း ကုန်စည်ပြပွဲနဲ့ ဟောင်ကောင် တဘက်ကမ်းက ရှန်ဇန်းကိုလည်း သွားရောက်ဖို့ ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်က တရုတ်တိုင်းရင်းသား ကိုးကန့်တပ်တွေနဲ့ မြန်မာစစ်တပ်တို့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲကို ဒုက္ခသည်ပေါင်း ၃၀,၀၀၀ ကျော်လောက် ပြေးဝင်လာတဲ့ အချိန်တုန်းကတော့ တရုတ်အစိုးရက မြန်မာအစိုးရကို လူသိရှင်ကြား ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ ရှိခဲ့ပါတယ်။ ဒေသတွင်း နိုင်ငံရေး သုံးသပ်သူတွေကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဒီခရီးစဉ်အတွင်း တရုတ်နိုင်ငံဆီက စီးပွားရေးနဲ့ သံတမန်ရေးရာ ပံ့ပိုးမှုတွေ ရအောင် ကြိုးစားဖို့ ရှိတယ်လို့ သုံးသပ်ကြပါတယ်။
Human Rights Watch နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကြီးကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရကို အခု ကျင်းပပေးမယ့် ရွေးကောက်ပွဲကို ပွင့်လင်းစွာ ကျင်းပပေးဖို့နဲ့ စစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှု ရှိစေအောင် တရုတ်အစိုးရက ဖိအားပေးဖို့ တောင်းဆိုလိုက်ကြောင်း အိန္ဒိယ အခြေစိုက် Human Rights Watch အဖွဲ့ ပြောခွင့်ရ မစ်စ် မီနာရှီ ဂမ်ဂူလီက ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ တရုတ်နိုင်ငံအပေါ် သက်ရောက်မှု အတော်လေးရှိပါတယ်။ ဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်တဲ့ အစိုးရတရပ်ကို တရုတ်က မျက်စိပိတ်ပြီး မထောက်ခံသင့်ပါဘူး။ မြန်မာစစ်အစိုးရဘက်ကနေ အခုလို ချိုးဖောက်နေတာတွေကို တာဝန်ယူ အဆုံးသတ်ပေးဖို့လည်း တရုတ်အစိုးရက တောင်းဆိုသင့်ပါတယ်။”
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံတကာက ဝင်ရောက် မစွက်ဖက်ဖို့ အင်္ဂါနေ့မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုခဲ့တာဟာ မြန်မာစစ်အစိုးရကို အကာအကွယ် ပေးတာလို့လည်း ဝေဖန်လိုက်ပါတယ်။
“တရုတ်အစိုးရက မြန်မာအစိုးရကိုပဲ အကာအကွယ် ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အကျိုးမရှိပါဘူး။ မြန်မာနိုင်ငံသားတွေ အရေးကို ရှေးရှုရမှာပါ။ မြန်မာနိုင်ငံမှာ တရုတ်က ရင်းနှီးမြှုပ်နံှရာမှာ အဲဒီက ရရှိတဲ့ အကျိုးအမြတ်တွေဟာ ဖိနှိပ်တဲ့ မြန်မာစစ်အစိုးရ လက်ထဲကို မရောက်ဘဲ နိုင်ငံသားတွေလက်ထဲ ရောက်ဖို့ တရုတ်က အလေးထားသင့်ပါတယ်။ တရုတ်၊ မြန်မာ နယ်စပ်မှာလည်း လူနေမှု အဆင့်အတန်း ဒါ့ထက်ပို မြှင့်တင်ပေးနိုင်မယ်၊ ငြိမ်းချမ်း တည်ငြိမ်စေမယ်ဆိုရင် တရုတ်အတွက်လည်း အကျိုးရှိမှာ ဖြစ်ပါတယ်။”
Human Rights Watch အဖွဲ့ ပြောခွင့်ရ မစ်စ် မီနာရှီ ပြောသွားတာ ဖြစ်ပါတယ်။