သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်−မြန်မာ ဆွေးနွေးပွဲ သုံးသပ်ချက်


 တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် (AP Photo/Eugene Hoshiko)
တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် (AP Photo/Eugene Hoshiko)

တရုတ်နိုင်ငံနဲ့နယ်စပ် ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ အရှိန်မြင့်လာချိန်၊ မြန်မာဆိုင်ရာ တရုတ်သံအမတ်ကြီးက မြန်မာစစ်ကောင်စီ ဒုဝန်ကြီးချုပ်အပြင် စစ်တပ်တာဝန်ရှိသူတွေနဲ့ ဂရုပြုစရာတွေ ဆွေးနွေးခဲ့တယ်ဆိုတာဟာ မြန်မာစစ်ကောင်စီ အကြပ်ရိုက်နေတာကို ပြနေတယ်လို့ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။ တရုတ်−မြန်မာ ဆွေးနွေးပွဲနဲ့ နောက်ဆက်တွဲ ဘာဆက်ဖြစ်လာနိုင်မလဲဆိုတာကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

တရုတ်နဲ့မြန်မာ တာဝန်ရှိသူတွေ ကြာသပတေးနေ့က အခုလို နှစ်ဘက်ဆွေးနွေးခဲ့တဲ့အကြောင်း တရုတ်သံရုံးက သောကြာနေ့က ထုတ်ပြန်ခဲ့သလို၊ မြန်မာစစ်ကောင်စီကတော့ ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးသန်းဆွေနဲ့ တရုတ်သံအမတ်ကြီးတို့ နယ်စပ်တည်ငြိမ်ရေး အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီဆွေးနွေးပွဲအပြီးမှာပဲ တရုတ်သံရုံးက ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာရှိတဲ့ တရုတ်နိုင်ငံသားတွေ ချက်ချင်းထွက်ခွာဖို့ သတိပေးချက် ထုတ်ခဲ့ကြောင်းကိုတော့ တရုတ်အစိုးရပိုင် China Global Television Network (CGTN) က သောကြာနေ့က ဖော်ပြခဲ့ပါတယ်။ ဒီအပေါ် MNDAA ကိုးကန့်တပ် ပြောခွင့်ရ လီကျားဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

"တရုတ်ကို သွားရောက်ဆွေးနွေးပြီးနောက်ပိုင်း တရုတ်တွေကို ထွက်ခိုင်းတယ်ဆိုတဲ့ဟာနဲ့ ပတ်သက်ပြီး လောက်ကိုင်ရဲ့ အခြေအနေက ဒီထက်ဆိုးလာမယ်လို့တော့ သုံးသပ်လို့ ရပါတယ်။ တနေ့ကတော့ ကျနော်တို့ သုံးဖွဲ့အနေနဲ့ကတော့ ကျင်းစန်းကြော့ နယ်စပ်ဂိတ်ကို သိမ်းပိုက်နိုင်ခဲ့တယ်။ ကျင်းစန်းကြော့ကတော့ မူဆယ်နဲ့ ပန်ဆန်းကြားမှာရှိတဲ့ နယ်စပ်ဂိတ်တခုပေါ့။ ပြီးတော့ မနေ့က ညနေပိုင်း ၅ နာရီခွဲလောက်မှာ နန့်စလပ်ကို အပြီတိုင်းသိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒီမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို တိုက်ထုတ်ရှင်းလင်းနိုင်ခဲ့တယ်။ "

နောက် ဒီတရုတ်နဲ့ဆွေးနွေးပွဲ ဘာထူးခြားနိုင်တာကိုလည်း မြန်မာ့အရေးသုံးသပ်သူ စီးပွားရေးပညာရှင်လဲဖြစ်တဲ့ ဦးစိန်ဌေးက - အခုလို စရှင်းပြပါတယ်။

"သူတို့ဘက်ကလည်း လက်နက်တွေချပြီးသွားတာတွေ ရှိတယ်။ ပြန်တိုက်တာတွေလည်း ရှိတယ်။ တပ်စခန်းနှစ်ခု လောက်ကိုင်မှာ တပ်စွဲထားတာကို ညီနောင်သုံးဖွဲ့က မြို့ကိုသိမ်းပိုက်မယ်လို့ နှစ်ရက်သုံးရက် ရှိတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်နိုင်ငံသားတွေကို ဖယ်ထုတ်ဖို့အတွက် စောင့်ပေးဖို့ သဘောတူထားတယ်လို့ ယူဆလို့ရတယ်။ လောလောဆယ်မှာ စကစက losing power ဖြစ်နေပြီ။ မြောက်ပိုင်းတပိုင်းလုံးမှာ သူတို့ စစ်ရေးအရ ရှုံးနေတဲ့အခါမှာ ဒီဂယက်တွေက ကြီးလာပြီ။ သူတို့မှာ စစ်ရေးတင်မဟုတ်ဘူး၊ စီးပွားရေးဘက်မှာ နစ်နာလာတဲ့အခါမှာ ဒါတွေကို ပြန်ပြီးတော့ ကယ်မဖို့ သူတို့ survive ဖြစ်ဖို့အတွက် နိုင်ငံရေးအရ၊ စီးပွားရေးအတွက် တရုတ်သံအမတ်ကြီးနဲ့ တွေ့တာလို့ ပြောလို့ရတယ်။ နယ်မြေတပ်စခန်းတွေ စွန့်လွှတ်နေရတယ်။ အဲဒီမှာ အကျိုးဆက်က စီးပွားရေအရ မြောက်ပိုင်းတခွင်က အဓိက မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုမှာ သုံးပုံတပုံအထက်မှာ ရှိတယ်။ အားလုံးက ရပ်သွားပြီ။ စကစရဲ့ ရပ်တည်ဖို့အတွက် စီးပွားရေး ရပ်တည်မှုက လုံးဝပျက်သွားတာ။ တဘက်ကလည်း သူတို့မှာ စစ်ရေးတင်မဟုတ်ဘူး။ နိုင်ငံရေးအရ ဆုံးရှုံးတဲ့အခါမှာ အရေးကြီးတာက သူတို့ကိုယ်တိုင်ပြောတယ် ဒါက ပြည်ပကျူးကျော်စစ်လို့ သုံးလာပြီ။ ဒီပြဿနာသည် စကစက မျက်ဖြူစိုက်နေပြီ။ ခေါင်းပူနေပြီလို့ ဒီလိုသုံးသပ်လို့ရပါတယ်။"

"ဟုတ်ကဲ့ အခုလို တရုတ်နဲ့ဆွေးနွေးအပြီး ဘယ်လို ဆက်ဖြစ်လာမယ်ထင်လဲ ဆရာ။"

"တိုက်ပွဲကတော့ ဘယ်လိုမှ မလျော့နိုင်ဘူး။ တရုတ်ကတော့ ပြီးခဲ့သော မကြာသေးတဲ့ကာလမှာ ညီနောင်သုံးဖွဲ့ကို ခေါ်ပြီးတော့ နယ်စပ်ဒေသ တည်ငြိမ်ရေးကို ကြိုးစားပေးခဲ့တာပဲ။ ဒါပေမဲ့ တကယ်တော့ ဖြစ်မလာဘူး။ ဖြစ်မလာတဲ့အပြင် ညီနောင်သုံးဖွဲ့က နိုင်ငံရေးအရ အရှိန်မြှင့်လာတယ်။ ဒီအရှိန်ဟာ ဒီဒေသတင်မဟုတ်ဘူး၊ နိုင်ငံတနိုင်ငံလုံး ပြန့်နှံ့သွားပြီ။ အဓိကစီးပွားရေး border trade က တရုတ်ဘက်မှာတင် မဟုတ်ဘူး၊ အနောက်ပိုင်း အိန္ဒိယဘက်မှာလည်း သွားပြီ။ ... ဒါကို ကုစားဖို့အတွက် တရုတ်နိုင်ငံနဲ့ နှစ်ဘက်သွားပေါ့ - တဘက်ကလည်း အားကိုးပြီး၊ တဘက်ကလည်း သံရုံးမှာ ဆန္ဒပြနေတယ်။ တော်ရုံတန်ရုံနဲ့တော့ ပြီဖို့လမ်းမရှိဘူး။ ဆက်လက်ပြီးသွားနေ ပြန့်နှံ့နေမှာပဲ။

"ဟုတ်ကဲ့၊ နောက် အခုလို အချိန်မှာ စီးပွားရေးအရ ဂရုပြုစရာရော ဘာဖြစ်လာနိုင်မယ်ထင်လဲဆရာ။"

"နယ်စပ်ကုန်သွယ်ရေးမှာ လက်ရှိ မြန်မာနိုင်ငံ စီးပွားရေးက တရုတ်နိုင်ငံကို အများဆုံးအားပြုရတာ။ တဝက်နီးနီးဟာ တရုတ်နိုင်ငံနဲ့ export-import သွားတာ။ မနှစ် ၂၀၂၂ အထိဆိုရင် export ဆိုရင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံလောက် ရှိတယ်။ အဲဒါက အခုစစ်ဖြစ်ချိန်ကစပြီး နောက်ထပ်ကြာရင် အကုန်ရပ်မှာပဲ။ အခု ရန်ကုန်မှာ ဒီဇယ်ဆီတွေ ပြတ်နေပြီ၊ ဈေးတွေကြီးလာနေတာကိုလည်း တွေ့ရတယ်။ ဒီဘက်ကလည်း sanction လည်းလာတော့ နိုင်ငံခြားငွေရှားတဲ့အခါကြတော့ ပြည်သူလူထုသုံးတဲ့ လောင်စာဆီ၊ လေယာဉ်ဆီကလည်း ကုန်သွယ်ရေးက ရတယ်လို့ မဖြစ်ဘူးလို့ ပြောလို့မရဘူး။ အာဏာသိမ်းသွားတဲ့အခါမှာ reserved money က စာရင်းအရ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံလောက်ပဲ ရှိတာ။ အဲဒီထဲမှာ အကုန်ရှိတာ မဟုတ်ဘူး။ Transaction က သွားတာဆိုတော့ ၄-၅ ဘီလီယံလောက်ပဲ ရှိနိုင်တယ်။ ဒါဟာ ၂ နှစ် ၃ နှစ်ကြာတဲ့အခါမှာ နည်းလာပြီ။ အဘက်ဘက်က ဆုံးရှုံးနစ်နာမှုတွေ များလာတဲ့အခါမှာ မတော်ရင် စကစ ပြုတ်ကျသွားနိုင်တဲ့အဆင့် ရှိနေပြီ။"

"ဟုတ်ကဲ့ ကျေးဇူးအများကြီး တင်ပါတယ် ဦးစိန်ဌေး။"

XS
SM
MD
LG