သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တရုတ်မြန်မာနယ်စပ်လမ်း ယာဉ်ကြောပိတ်ဆို့မှု ကုန်သွယ်ရေးထိခိုက်


တရုတ်မြန်မာနယ်စပ်လမ်း မူဆယ်လမ်း

ဒီရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံဘက်က သွားရောက်တဲ့ ကုန်တင်ကားတွေကို တရုတ်နိုင်ငံဘက်က စစ်ဆေးရေးတင်းကျပ်နေတာကြောင့် မူဆယ်မြို့မှာ ယာဉ်ကြောပိတ်ဆို့တာတွေဖြစ်ပေါ်နေပြီး နယ်စပ်ကုန်သွယ်ရေးကိုပါ ထိခိုက်လာနေပါတယ်။ ဒါ့အပြင် ယာဉ်မတော်တဆထိခိုက်တာတွေ၊ ခိုက်ရန်ဖြစ်ပွားတာတွေကလည်း မကြာခနရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ မူုဆယ်ဘက်ကနေ တရုတ်နိုင်ငံဘက်ကို အရင်က တရက်ကို ကားအစီး ၂၀၀လောက် ၀င်ရောက် နေရာက အခုလို စစ်ဆေးရေးတင်းကျပ်လိုက်တဲ့အတွက် ကားဝင်ရောက်နိုင်တာ လျော့ကျလာပြီး မူဆယ်ဘက်မှာ ယာဉ်ကြောပိတ်ဆို့တာတွေ ဖြစ်လာတာပါ။

မူဆယ်မြို့မှာ ယာဉ်ကြောပိတ်ဆို့ရတဲ့ အခြေအနေကို မြို့ခံ ကုန်သည်တဦးက အခုလို ပြောပါတယ်။

“ တရုတ်ဘက်ကနေပြီးတော့ အ၀င်အထွက်က တအားတင်းထားတယ်။ တအားတင်းတယ်ဆိုတာက ကားတစီးဝင်ဖို့အတွက်ကို ၁၅မိနစ်လောက်ကြာမယ်ဗျာ။ အရင်တုံးကဆိုရင်တော့ ကားတစီးကို လူတကိုယ် ၅မိနစ်လောက်ပဲ ကြာတဲ့ဟာ အခုဆို ၁၅မိနစ်လောက်ကြာတော့ တနေ့ကို အစီး ၅၀လောက်ပဲ အထဲကို ရောက်တယ်။ အဲဒီအတွက်ကို အပြင်မှာ ကားတွေက ပိတ်ကုန်တာ။ ”

အရင်ကတော့ တရုတ်နိုင်ငံဘက် မြန်မာ ယာဉ်မောင်းသူတွေရဲ့ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ကို အဓိက စစ်ဆေးပြီး အခုအခါ နိုင်ငံသားစိစစ်ရေးကဒ်၊ ကျန်းမာရေးစာအုပ်စတာတွေကိုပါ စိစစ်လာသလို ကုန်တင်ယာဉ်တွေကိုပါ တင်းတင်းကျပ်ကျပ် စစ်ဆေးလာတာဖြစ်ပါတယ်။

ဒီလိုစစ်ဆေးတာကြောင့် အ၀င်ကားတွေနည်းသွားပြီး မူဆယ်မြို့ ၁၀၅မိုင်အကြားမှာ သာမက မြို့ရှောင်လမ်းနဲ့ မူဆယ်မြို့တွင်းမှာပါ ကားတွေ ပိတ်ကုန်တယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

မူဆယ်မြို့က ကရုဏာ လူမှုရေးအသင်းက ဦးသောင်းထွန်းက လမ်းပိတ်ဆို့တာကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်မှုအခြေအနေတွေကို အခုလို ပြောပါတယ်။

“ လမ်းပေါ်မှာ ကားတွေက တစီးနဲ့ တစီးကျော်တက်ကြရင်းနဲ့ လမ်းတွေကပိတ်ပြီးတော့ အခု ပြဿနာတက်နေတာဗျ။ လမ်းပိတ်ဆို့တာကြောင့် ဖြစ်တဲ့ ပြဿနာတွေကတော့ အများကြီးဗျ။ လမ်းမှာ ထိခိုက်မှုတွေဖြစ်ကြတယ်။ မနေ့ကဆိုလည်း လမ်းမှာ ယာဉ်တိုက်မှုဖြစ်တယ်။ ဟိုတနေ့ကလည်း ယာဉ်ထိန်းရဲနဲ့ ကားသမားနဲ့ ပြဿနာ တက်ကြတယ်။ ဒါတွေက လမ်းပိတ်ဆို့မှုကြောင့် ဖြစ်တဲ့ ပြဿနာတွေပေါ့နော်။ မကြာမကြာတော့ ပိတ်တတ်တယ်။ အခုပိတ်တာကတော့ ၄- ၅ရက်တော့ ရှိသွားပြီဗျ။ ဘာဖြစ်လို့လည်း ဆိုတော့ကြယ်ဂေါင်မှာ ကြယ်ဂေါင်အပေါက်ဝက တရုတ်ကနေ စိစစ်လိုက်တဲ့အတွက် လမ်းတွေက ပိုပြီးတော့ ပိတ်သွားတာ။ ”

ယာဉ်မတော်တဆထိခိုက်တာကြောင့် အမျိုးသမီးတဦးကို လားရှိုးဆေးရုံကို ပို့ဆောင်ခဲ့ရသလို ယာဉ်ထိန်းရဲနဲ့ ကားသမား ခိုက်ရန်ဖြစ်ပွားမှုကြောင့် ယာဉ်ထိန်းရဲကို မူဆယ်ဆေးရုံမှာ ကုသထားပြီး ကားသမားကိုတော့ နမ့်ခမ်းဆေးရုံကို ပို့ဆောင်ထားကြောင်း ပြောပါတယ်။

မူဆယ်မြို့က ကုန်သည်ကတော့ ဒီလို လမ်းပိတ်ဆို့တာကြောင့် ထိခိုက်ရတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“ ကျနော်တို့ ဒီဘက်ကမှာတော့ ဂိုဒေါင်တွေမှာတော့ အခက်အခဲတွေ ဖြစ်ကုန်တာပေါ့။ ကားတွေက မ၀င်နိုင်တဲ့အတွက်ကို ကျနော်တို့ ဂိုဒေါင်တွေမှာ ပြည့်လျံပြီးတော့ ကုန်က မထွက်နိုင်ဘူးဖြစ်သွားတယ်။ နောက် ကုန်သည်တွေအတွက်က သူတို့လိုချင်တဲ့ ပစ္စည်းက မရနိုင်တော့ဘူးလေ။ နောက်ပြီးတော့ ကားခတွေ အကုန်လုံးတက်လာတယ်။ နဂိုတုံးကဆို ကားခက မန္တလေးကို ကားခက ၅သိန်းခွဲ၊ ၆သိန်းပေါ့။ မန္တလေးကို ။ အခုဆိုရင် ၁၂ဘီးကားခက မန္တလေးကို ၉သိန်းနဲ့ ၁၀သိန်းကြားဖြစ်နေပြီ။ ”

အခုလို တရုတ်ဘက်က စစ်ဆေးမှုတင်းကျပ်လာတာကတော့ မြန်မာပြည်က တင်ပို့တဲ့ ဆန်၊ ပြောင်းနဲ့ သကြား စတဲ့ လယ်ယာထွက်ကုန်တွေကို တရုတ်နိုင်ငံဘက်က တင်သွင်းခွင့် ကန့်သတ်ထားတာကြောင့်ဖြစ်ကြောင်းနဲ့ ဒီအခက်အခဲတွေ ပြေလည်ဖို့ ဆိုရင် တရုတ်နဲ့ မြန်မာအစိုးရအကြား ပြေလည်အောင် ညှိနှိုင်းသင့်ကြောင်းသုံးသပ်တာတွေ ရှိနေပါတယ်။

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာမှာတော့ မူဆယ်နယ်စပ် ကုန်သွယ်မှုပမာဏဟာ အရင်နှစ် လက်ရှိကာလနဲ့နှိုင်းစာရင် ဒေါ်လာသန်း ၁၃၀လောက်လျော့ကျနေကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG