သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ကုလအရေးယူခဲ့ရင် တရုတ် မထောက်ခံနိုင်


ရခိုင်ပြည်နယ်က ကျောက်ဖြူရေနက်ဆိပ်ကမ်း
ရခိုင်ပြည်နယ်က ကျောက်ဖြူရေနက်ဆိပ်ကမ်း

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်က ရိုဟင်ဂျာဒုက္ခသည်တွေ လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူညီအကြပ်အတည်းကိစ္စကို လာမယ့်ရက်ပိုင်း အတွင်း ကုလသမဂ္ဂမှာ အလေးထားဆွေးနွေးကြမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်ဆလင်တွေကို လူမျိုးတုန်းရှင်းလင်းရေး လုပ်နေတယ် ဆိုပြီး ကုလသမဂ္ဂက စွပ်စွဲပြောဆိုထားပေမယ့် တရုတ်အစိုးရကတော့ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ပေါ် ဖိအားဖြစ်စေမယ့် ကုလသမဂ္ဂရဲ့ အရေးယူ ဆောင်ရွက်မှုတွေကို ထောက်ခံချင်ပုံမရဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်နေပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ကြီးမားတဲ့အကျိုးစီးပွားတွေ ရှိနေတာကြောင့် ရခိုင်အရေးမှာ တရုတ်က လက်ရှောင်ချင်ပုံရတယ်လို့ သုံးသပ်နေကြတာပါ။

တရုတ်ပြည် ဘေဂျင်းမြို့တော်ကနေ Bill Ide နဲ့ Saibal Dasguptaတို့ ပေးပို့တဲ့ သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ဒေါ်လာဘီလျံပေါင်းများစွာသော ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားတွေ ရှိရုံသာမက ၊ တရုတ်တို့ရဲ့ ခေတ်သစ် ခါးပတ်လမ်းမကြီး ကမ္ဘာ့ကုန်သွယ်ရေး စီမံကိန်းကြီးထဲမှာလဲ မြန်မာနိုင်ငံဟာ အစိတ်အပိုင်းတခုအဖြစ် ပါဝင်နေတာပါ။

ဘင်္ဂလားပင်လယ်ကွေ့ ရခိုင်ကမ်းရိုးတန်းဒေသမှာ ရေနက်ဆိပ်ကမ်းတည်ဆောက်ဖို့ တရုတ်နိုင်ငံ CITIC အုပ်စုက အဆိုပြုခဲ့ပြီး လုပ်ငန်းတခုလုံးရဲ့ ၇၀ ကနေ ၈၅% အထိ ဒေါ်လာ(၇.၃)ဘီလျံ တန်ဘိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ထားပါတယ်။ အဲဒီ ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ တရုတ်တို့ရဲ့ ခါးပတ်လမ်းမ ကြီးအတွက် အဓိကသော့ချက်လဲဖြစ်ပြီး၊ တရုတ်ရဲ့ ကုန်သွယ်ရေးမှာ ပင်လယ်ပြင်ထွက်ပေါက်အတွက် အဓိကဖြစ်နေပါတယ်။ ဒီရေနက်ဆိပ်ကမ်းအပြင် အဲဒီဒေသမှာ စက်မှုဇုံ အထူးစီးပွားရေးဇုံတွေလဲ တရုတ်ကုမ္ပဏီတွေက တည်ဆောက်ကြဦးမှာပါ။ ဒီရေနက်ဆိပ်ကမ်းဟာ တရုတ် ယူနန်ပြည်နယ်ထဲကို တင်ပို့တဲ့ ရေနံသဘာဝဓါတ်ငွေ့ ပိုက်လိုင်း စတင်ရာလဲဖြစ်ပါတယ်။

မဒေးကျွန်းတွင် ရေနံလာချသည့် Nordic Freedom ရေနံတင်သဘောၤ
မဒေးကျွန်းတွင် ရေနံလာချသည့် Nordic Freedom ရေနံတင်သဘောၤ


စင်္ကာပူနိုင်ငံ S. Rajaratnam နိုင်ငံတကာလေ့လာရေး တက္ကသိုလ်က တရုတ်ရေးကျွမ်းကျင်သူ Irene Chan ကတော့ တရုတ်ရဲ့နိုင်ငံခြားရေးမူဝါဒဟာ ပြည်တွင်းလိုအပ်ချက်တွေပေါ် အများကြီးမူတည်နေတယ်လို့ သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံမှာ လုံခြုံစိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့ဆိုရင် အရေးကြီးတာက ရခိုင်ဒေသမှာ တည်ငြိမ်အေးချမ်းမှု ရှိဖို့လိုပါတယ်။ ဒါမှသာ ဒီရေနံပိုက်လိုင်း အတွက် စိတ်ချရမှာပါ။ ဒါကြောင့် အဲဒီဒေသက လူသားချင်းစာနာထောက်ထားမှု ကိစ္စထက် ပိုဦးစားပေးရမယ့်အရာတွေ တရုတ်တို့မှာရှိနေတယ်လို့ မြင်ပါတယ်။”

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်း ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာစစ်သွေးကြွ ARSA အဖွဲ့က လုံခြုံရေးစခန်းတွေကို တကြော့ပြန် တိုက်ခိုက်ခဲ့ပါတယ်။ ဒီအကြမ်း ဖက်မှုနဲ့ အစိုးရရဲ့ နယ်မြေရှင်းလင်းရေး ဖြစ်စဉ်တွေအတွင်း အနည်းဆုံးလူ(၄၀၀)လောက် သေဆုံးခဲ့ရပြီး၊ ရိုဟင်ဂျာမွတ်ဆလင် (၄)သိန်းကျော် ဘင်္ဂလားနိုင်ငံ ဘက် ထွက်ပြေးသွားပါတယ်။


တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့လို ကမ္ဘာ့အင်အားကြီးနိုင်ငံတချို့ကတော့ ရိုဟင်ဂျာအရေး ကိုင်တွယ်ဖြေရှင်းနေတဲ့ မြန်မာအစိုးရရဲ့လုပ်ရပ်ကို ပြစ်တင်ဝေဖန်မှု မလုပ်ကြပါဘူး။ တရုတ်အစိုးရတော့ ဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကိုရော မြန်မာဘက်ကိုပါ လူသားချင်းစာနာတဲ့ အကူညီအနည်းငယ် ပေးခဲ့ပြီး ရခိုင်ပဋိပက္ခကို ဖြေရှင်းနိုင်မယ့် ခိုင်မာတဲ့နည်းလမ်းရှာသင့်တယ်လို့ တိုက်တွန်းပါတယ်။ နိုင်ငံ့လုံခြုံရေးအတွက် အကာအကွယ်လုပ်ရမယ်ဆိုတာ နားလည်ကြောင်း မြန်မာအစိုးရနဲ့စစ်တပ်ကို တရုတ်က ထောက်ခံမှုပေးထားတယ်လို့ မဟာဗျူဟာနဲ့နိုင်ငံတကာ လေ့လာရေးဗဟိုရဲ့အကြီးတန်းအကြံပေး Murray Hiebert က ပြောပါတယ်။


“ARSA ရိုဟင်ဂျာစစ်သွေးကြွအဖွဲ့ရဲ့တိုက်ခိုက်မှုအပေါ် မြန်မာအစိုးရက ကိုင်တွယ်ဆောင်ရွက်ပုံတွေကို တရုတ်အစိုးရက ထောက်ခံမှုပေးနေတာ ရှင်းပါ တယ်။ မြန်မာနိုင်ငံဟာ သူ့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် လုပ်နေတာကို ထောက်ခံပြီး နားလည်ကြောင်းကိုလည်း တရုတ်အစိုးရက မြန်မာနိုင်ငံကိုရော ကုလသမဂ္ဂကိုပါ ပြောနေပါတယ်။”

ရခိုင်အရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကုလသမဂ္ဂမှာ တခါးပိတ်အစည်းဝေးလုပ်ခဲ့သလို၊ ကုလအတွင်းရေးမှူးချုပ် Guterres ကလဲ ကြာသပတေး နေ့ကျရင် ကုလလုံခြုံရေးကောင်စီမှာ ရခိုင်အခြေအနေကို ရှင်းပြဖို့ရှိနေပါတယ်။ ကုလလူ့အခွင့်ရေးကောင်စီရဲ့ ရခိုင်အရေး အချက်လက်ရှာဖွေရေး အဖွဲ့ကို ခုထိ မြန်မာနိုင်ငံဝင်ခွင့် မပေးသေးပါဘူး။

အမေရိကန်ကတော့ ရခိုင်ဒေသအကြမ်းဖက်မှု အဆုံးသတ်ရေးအတွက် လေးနက်လျှင်မြန်တဲ့ ကိုယ်တွယ်ဖြေရှင်းမှုတွေ လုပ်ဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီက အရေးယူတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်အောင် အကာကွယ်ပေးဖို့ မြန်မာအစိုးရက တရုတ်၊ ရုရှားတို့ကို ချည်းကပ် ဆွေးနွေးနေကြောင်း ဒီလအစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး Hiebert ရဲ့အမြင်ကတော့ -

“လုံခြုံရေးကောင်စီမှာ ဒီလို ဆုံးဖြတ်လာမယ့်ကိစ္စကို တရုတ်က လုံးဝလက်ခံနိုင်လိမ့်မယ် မဟုတ်ဘူးဆိုတာ သေချာသလောက်ပါပဲ။ လုံခြုံရေးကောင်စီ ပြဌာန်းချက်မှာ ပါတဲ့ စကားအသုံးနှုန်းပေါ် အခြေခံပြီး သူ့ရဲ့ရပ်တည်မှုကို အပြောင်းလဲ လုပ်မယ်မလုပ်ဘူးဆိုတာကိုတော့ ကျနော်မသိပေမယ့်၊ မြန်မာအစိုးရအပေါ် ကုလသမဂ္ဂက နိုင်ငံရေးအရ တိုက်ရိုက်အရေးယူမှု လုပ်လာရင်တော့ တရုတ်ဟာ မြန်မာနောက်က ရပ်တည်မယ်ဆိုတာ သေချာ သဘောပါပဲ။”

ဒေါ်အောင်ဆန်းစုကြည် အစိုးရအပေါ် ဖိအားတွေ ပိုပေးသင့်/မသင် ဆိုတာနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေကြား အမြင်ကွဲပြားနေတယ်လို့ သုံးသပ်သူူ တွေက ပြောဆိုနေကြပါတယ်။ ရိုဟင်ဂျာပဋိပက္ခနဲ့ ပတ်သက်လို့ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံဘူးဆိုရင် တိုင်းပြည်အာဏာကို စစ်တပ်က အပြည့်အဝ ထိန်းချုပ်နိုင်အောင် အခွင့်အလမ်း ဖွင့်ပေးလိုက်သလို ဖြစ်သွားနိုင်တယ်လို့ ကျွမ်းကျင်သူတချို့က သုံးသပ်ကြပါတယ်။ ရခိုင်ဒေသက မွတ်ဆလင်တွေဟာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာတွေလို့ သတ်မှတ်ခေါ်ဝေါ်စေချင်ပြီး ကျန်တဲ့ မြန်မာနိုင်ငံသား အများစုကတော့ ဒါကိုလက်မခံ ကြပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG