သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တရုတ်ရေတပ် စစ်ရေးပြအခမ်းအနား မြန်မာစစ်သင်္ဘောတစင်းပါဝင်


တရုတ် ရေတပ်အနှစ် ၇၀ ပြည့် အခမ်းအနား အတွက် ဂျပန် ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့ ရေယာဉ် (DD 117) Qingdao ဆိပ်ကမ်းသို့ ရောက်ရှိစဉ် (ဧပြီ၊ ၂၁၊ ၂၀၁၉)

တရုတ်ရေတပ်အနှစ် ၇၀ ပြည့် စစ်ရေးပြ အခမ်းအနားမှာ ပါဝင်ဖို့ မြန်မာရေတပ် သင်္ဘောတစင်း တရုတ်ဆိပ်ကမ်းမှာ ရောက်ရှိနေပါပြီ။ တရုတ်နိုင်ငံအရှေ့ဘက် Qingdao မြို့ဆိပ်ကမ်းကို ဒီကနေ့ ဆိုက်ရောက်လာတဲ့ မြန်မာစစ်သင်္ဘောမှာ တရုတ်နဲ့ ပြင်သစ်နိုင်ငံလုပ် လေကြောင်းရန် ကာကွယ်ရေးလက်နက်တွေ တပ်ဆင်ထားတယ်လို့ တရုတ်အစိုးရပိုင် CCTV သတင်းမှာဖော်ပြပါတယ်။

ဆင်ဖြူရှင်စစ်ရေယာဉ် တစင်းလုံးရဲ့အလေးချိန်စုစုပေါင်းတန်ချိန် ၃,၀၀၀ ရှိပြီး တနာရီကို ရေမိုင် ၂၅ မိုင်အထိ မောင်းနှင်ခုတ်မောင်းနိုင်တယ်လို့ သတင်းထဲမှာ ပြောထားပါတယ်။

မနက်ဖြန် April လ ၂၃ ရက်နေ့မှာ ကျင်းပမယ့် တရုတ် ရေတပ်အနှစ် ၇၀ ပြည့် အခမ်းအနားမှာ မြန်မာအပြင်၊ Australia၊ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ India၊ ရုရားစတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံက စစ်သင်္ဘော ၁၈ စင်းပါဝင် စစ်ရေးပြကြမှာဖြစ်ပါတယ်။

တရုတ်အစိုးရပိုင် သတင်းတွေရဲ့ ထုတ်ပြန်ချက်အရ တောင်တရုတ်ပိုင်နက်ထဲမှာ တရုတ်နဲ့ ရေပိုင်နက်အငြင်းပွားနေကြတဲ့ မလေးရှား၊ ဖိလစ်ပိုင်၊ Vietnam နိုင်ငံတွေက စစ်သင်္ဘောတွေလည်း ပါဝင်ကြမှာဖြစ်ပါတယ်။ တရုတ်နဲ့ နိုင်ငံတကာရေတပ်တွေကြား အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသတဲ့ လက္ခဏာအဖြစ် မြင်နိုင်တယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။

တရုတ်နဲ့ စစ်ရေးအရတင်းမာတဲ့ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်က ရေတပ်သင်္ဘောတွေကို စစ်ရေးပြအခမ်းအနားမှာ ပါဝင်ဖို့ ဖိတ်ခေါ်တာကိုကြည့်ခြင်းဖြင့် တရုတ်အစိုးရအနေနဲ့ သူ့ရဲ့ စစ်တပ်နဲ့ပါတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိတယ်ဆိုတာ ပြသနေတယ်လို့ တရုတ်အစိုးရ သတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။

တရုတ်စစ်တပ်ကို အင်အားကြီးမားပြီး ခေတ်မှီတိုးတက်တဲ့ စစ်တပ်ဖြစ်အောင် တည်ဆောက်နေတဲ့ တရုတ်နိုင်ငံမှာ ကမ္ဘာမှာ စစ်လက်နက်ပစ္စည်းတင်ပို့ရောင်းချတဲ့ ထိပ်တန်းနိုင်ငံတခု ဖြစ်လာနေတယ်လို့ Stockholm နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ရဲ့ ပြီးခဲ့တဲ့ တပါတ်ကပဲထုတ်ပြန်တဲ့ လေ့လာချက် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မနက်ဖြန်ပြုလုပ်မယ့် တရုတ်ရေတပ်စစ်ရေးပြ အခမ်းအနားမှာ Nuclear စွမ်းအင်အသုံးပြုတဲ့ ရေငုပ်သင်္ဘောတွေ၊ ဖျက်သင်္ဘောတွေအပါအဝင် တရုတ် စစ်သင်္ဘောတွေကို ပထမဆုံးအကြိမ်ပြသ အင်အားပြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ နိုင်ငံပေါင်း ၆၀ ကျော်က ရေတပ် တာဝန်ရှိသူတွေက အခမ်းအနားကို တက်ရောက်ကြမယ့်ထဲမှာ နိုင်ငံပေါင်း ၃၀ ကျော်က အကြီးတန်း ရေတပ်အရာရှိကြီးတွေ ဖြစ်တယ်လို့ တရုတ်အစိုးရက ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG