သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရေတပ် စစ်ရေးလေ့ကျင့်မှု စတင်


တရုတ်ရေတပ် စစ်ရေးလေ့ကျင့်မှု စတင်

တရုတ်နိုင်ငံဟာ ပင်လယ်ဝါထဲ ၄ ရက်ကြာမယ့် ရေတပ် စစ်ရေးလေ့ကျင့်မှုတွေ စတင် လုပ်နေပါပြီ။ ကျည်အစစ်တွေနဲ့ ပစ်ခတ်တဲ့ လေ့ကျင့်မှု ဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်မှုဟာ စနေနေ့ နောက်ဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်တနေ့မှာတော့ အဲဒီ ပင်လယ်ဝါထဲမှာပဲ အမေရိကန် ပြည်ထောင်စုနဲ့ တောင်ကိုရီးယား ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်ဖို့ ရှိနေပါတယ်။

Qingdao မြို့အနီးမှာ ပြုလုပ်တဲ့ အဲဒီ ရေတပ် စစ်ရေးလေ့ကျင့်မှုဟာ ပုံမှန် စစ်ရေးလေ့ကျင့်မှုမျိုးဖြစ်ပြီး လက်နက်ကြီးတင် သင်္ဘောတွေကို ပစ်ခတ်နိုင်စွမ်းရည် လေ့ကျင့်တာ ဖြစ်တယ်လို့ တရုတ် ကာကွယ်ရေး ၀န်ကြီးဌာနက ပြောဆိုချက်ကို တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ကိုးကား ဖော်ပြပါတယ်။

ပင်လယ်ဝါထဲမှာ တရုတ်၊ တောင်ကိုရီးယား၊ အမေရိကန် ပြည်ထောင်စု ရေတပ် စစ်ရေးလေ့ကျင့်မှုတွေကြောင့် ဒေသအတွင်း တင်းမာမှုက ပိုကြီးလာတယ်လို့ ပြောနိုင်ပါတယ်။

တချိန်တည်းမှာပဲ တရုတ်ဘက်က အဆင့်မြင့် စစ်ဘက်အရာရှိတွေဟာ မြောက်ကိုရီးယားနိုင်ငံကို ရောက်ရှိနေကြပြီး နှစ်ဘက် စစ်ရေးဆက်ဆံမှုကိစ္စ ဆွေးနွေးနေကြပါတယ်။

ပင်လယ်ဝါထဲမှာ အမေရိကန်ဘက်က စစ်ရေးလေ့ကျင့်တာတွေကို တရုတ်က အပြင်းအထန် ကန့်ကွက်ထားပါတယ်။ ပင်လယ်ဝါဟာ တရုတ်နဲ့ ကိုရီးယားကျွန်းဆွယ်ကို ပိုင်းခြားထားတဲ့ ပင်လယ်ပြင် ဖြစ်ပါတယ်။

XS
SM
MD
LG