သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စစ်သင်္ဘော ၂ စင်း မြန်မာပြည်ရောက်


မြန်မာနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးတွေ တိုးမြှင့်တဲ့ အနေနဲ့ တရုတ်နိုင်ငံက စစ်သင်္ဘော ၂ စင်း ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ရောက်လာပါတယ်။

တရုတ်စစ်တပ် အမှတ် ၅ စောင့်ရှောက်ရေးတပ်က ဖျက်သင်္ဘောတွေ ဖြစ်ကြတဲ့ ဂွမ်ဂျိုး (Guanhzhou) နဲ့ ချောင်ဟူ (Caohu) တို့ မနေ့မွန်းလွဲပိုင်းကပဲ ရန်ကုန် သီလဝါဆိပ်ကမ်းကို ရောက်ရှိလာတဲ့အကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ဖော်ပြခဲ့တာပါ။

၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အခုလို ရောက်လာတဲ့ ၅ ရက်ကြာ ခရီးစဉ်ဟာ ၂ နိုင်ငံကြား စစ်တပ်နဲ့ ရေတပ်တို့အကြား ချစ်ကြည်ရင်းနှီးမှုတွေကို တိုးမြှင့်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

တရုတ်စစ်သင်္ဘောတွေ ဆိုက်ရောက်လာတာကိုတော့ မိုးထဲရေထဲမှာပဲ မြန်မာရေတပ် ဆိပ်ကမ်းတာဝန်ရှိသူ ဗိုလ်မှူးချုပ်ဟန်စိန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ye Dabo အပါအဝင် တာဝန်ရှိသူတွေနဲ့အတူ တရုတ်၊ မြန်မာ ဒေသခံ ၂၀၀ လောက် တက်ရောက် ကြိုဆိုခဲ့ကြကြောင်း သတင်းက ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ အဓိက စီးပွားကုန်သွယ်ဘက် နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တိုးတက်မှုတွေ မရှိလို့ နိုင်ငံတကာက ဝေဖန်ခံနေရတဲ့ စစ်အစိုးရကို ကျောထောက်နောက်ခံ ပေးနေတဲ့ နိုင်ငံတခုအဖြစ်နဲ့လည်း အများက ရှုမြင်ထားကြတာပါ။

၂ နိုင်ငံကြား ဆက်ဆံရေးတွေ တိုးမြှင့်နေတဲ့ အထဲက အခုလို စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုတွေသာမက နိုင်ငံရေးအရ ဆက်ဆံမှုအဖြစ် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားဘောင် (Wen Jiabao) ဇွန်လထဲတုန်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ရန်ကုန် သီလဝါဆိပ်ကမ်းကို မလာခင် တရုတ်စစ်သင်္ဘောတွေဟာ အီဂျစ်၊ အီတလီနဲ့ ဂရိနိုင်ငံတွေကို သွားရောက်ခဲ့ကြောင်းလည်း ဆင်ဟွာသတင်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG