သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ရာဇာ နော်ခမ်းသေဒဏ် အယူခံပယ်ချ


မူးယစ်ရာဇာ နော်ခမ်း
မူးယစ်ရာဇာ နော်ခမ်း
မူးယစ်ရာဇာ နော်ခမ်းနဲ့ သူ့ဂိုဏ်းဝင်တွေကို တရုတ်က သေဒဏ်အပြစ်ပေးထားတဲ့အပေါ် အယူခံဝင်တာကို တရုတ် အထက်တရားရုံးကနေ ပယ်ချလိုက်ပါပြီ။ တရားရုံးရဲ့ သေဒဏ်စီရင်ဆုံးဖြတ်ချက်ဟာ မှန်ကန်မျှတမှုရှိတယ်လို့ တရုတ် အထက်တရားရုံးကနေ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအကြောင်းရိုက်တာသတင်းက ရေးသားပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

တရုတ်နိုင်ငံကနေ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ မူးယစ်ရာဇာ နော်ခမ်းအပါအဝင် သူ့နောက်လိုက်နောက်ပါ ၆ ဦးရဲ့ အယူခံမှုကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တရားရုံးတခုကနေ အခု ဗုဒ္ဓဟူးနေ့မှာ ပယ်ချလိုက်တာပါ။ တရုတ်နိုင်ငံသား ၁၃ ဦးကို သတ်ဖြတ်မှုနဲ့ မူးယစ်ရာဇာ နော်ခမ်းနဲ့ သူ့နောက်လိုက်သုံးဥိးကို တရုတ်တရားရုံးကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလက သေဒဏ်ပြစ်ဒဏ်အမိန့်ချခဲ့ပါတယ်။ မူးယစ်ရာဇာ နော်ခမ်းဟာ တရုတ် မြန်မာ လာအိုး ထိုင်း စတဲ့ နယ်စပ်တကြော မဲခေါင်းမြစ်ရိုးတလျှောက်မှာ လှုပ်ရှားကျင်လည်ခဲ့တာဖြစ်ပြီး၊ နယ်စပ် မဲခေါင်မြစ်ထဲမှာပဲ တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ တရုတ်အာဏာပိုင်တွေက အလိုရှိခဲ့တာပါ။ ဒါကြောင့် မဲခေါင်းမြစ်တကြော လှုပ်ရှားနေတဲ့ မူးယစ်ရာဇာ နော်ခမ်းရဲ့ ဂိုဏ်းကို နှိမ်နင်းပြီး အဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ တရုတ်ဖက်က ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

တရုတ်တရားရုံးကနေ နော်ခမ်းအပါအဝင် လေးဦးကို သေဒဏ် စီရင်ချက်ချမှတ်ခဲ့ပြီး၊ နောက်ထပ် တဦးကိုတော့ ဆိုင်းငံသေဒဏ်ချမှတ်ပါတယ်။ တရုတ်နိုင်ငံမှာ ဆိုင်းငံသေဒဏ်ဆိုတဲ့သဘောကတော့ နောက်ပိုင်းမှာ ထောင်ဒဏ်တသက်တကျွန်းပြစ်ဒဏ်ကို ပြောင်းလေ့ရှိပါတယ်။ ဖမ်းဆီးခံရတဲ့ မူးယစ်ရာဇာ နော်ခမ်းဂိုဏ်းဝင် ၆ ဦးမြောက်ကိုတော့ ထောင်ဒဏ် ၈ နှစ်စီ ချမှတ်အပြစ်ပေးခဲ့ပါတယ်။ ဖမ်းဆီးအပြစ်ပေးခံရသူ ၆ ဦးလုံးဟာ လူသတ်မှု တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ပြန်ပေးဆွဲမှုတွေနဲ့ စွဲချက်တင်ခံခဲ့ကြရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက မဲခေါင်မြစ်ထဲမှာ တရုတ် ကုန်တင်သင်္ဘောနှစ်စင်းကို နော်ခမ်းနဲ့အဖွဲ့တွေက ဖမ်းဆီးပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သင်္ဘောပေါ်ပါလာတဲ့ တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်ခဲ့ကြပါတယ်။

ဒီအမှုနဲ့ပဲ နော်ခမ်းနဲ့ သူ့နောက်လိုက် အားလုံးတရားခံ ၆ဦးကို ကို တရုတ်နိုင်ငံကနေ နိုဝင်ဘာလက ပြစ်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တာပါ။ အပြစ်ပေးခံရသူ ၆ ဦးလုံးကတော့ သူတို့ဟာ သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုတွေကို တရုတ်ယွမ် ၆သန်း၊ အမေရိကန် ဒေါ်လာ ၉သိန်းကျော်ကို လျော်ကြေးပေးခဲ့ပြီဖြစ်တယ်ဆိုပြီး သူတို့ပြစ်ဒဏ်ကို သက်ညှာစဉ်းစားဖို့ တရုတ်အထက်တရားရုံးကို အယူခံဝင်ခဲ့ကြတယ်လို့ တရုတ်အစိုးရပိုင် CCTV ရုပ်သံက လွှင့်ထုတ်ကြေညာပါတယ်။ အဲဒီ အယူခံမှုကကိုတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထက်တရားရုံးကနေ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ကြားနာခဲ့ပြိး၊ အခု ဗုဒ္ဓဟူးနေ့မှာ တရားသူကြီးချုပ် Sun Jie ကနေ နောက်ဆုံး စီရင်ချက်ချခဲ့တာကို တရုတ်ပိုင်း CCTV ကနေ ကြေညာပါတယ်။

“ဒီ စီရင်ချက်ဟာ မျှတမှန်ကန်မှုရှိပါတယ်။ မူလ တရားကြားနာ စီရင်မှုတွေဟာ ဥပဒေကြောင်းအရ ညီညွတ်ပါတယ် ဆိုပြီး တရားသူကြီးချုပ် Sun က တရားရုံးမှာ ကြေညာသွားတာဖြစ်ပါတယ်။"

အဓိက တရားခံဖြစ်တဲ့ မူးယစ်ရာဇာ နော်ခမ်းကို လောနိုင်ငံက ဖမ်းဆီးမိခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ မေလအတွင်းကပဲ တရုတ်နိုင်ငံကို လွဲှပြောင်းပေးခဲ့တာဖြစ်ပါတယ်။ တရုတ်သင်္ဘောတွေ အမြောက်အများ အခုလို သတ်ဖြတ်ခံရတဲ့ကိစ္စဟာ တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပင်လယ်ရေကြောင်း သမိုင်းမှာ တရုတ်တွေ အသေအပျောက်အများဆုံး အဖြစ်အပျက်တခုဖြစ်ခဲ့ပါတယ်။

ဒါကြောင့်လည်း ဒီအဖြစ်အပျက်ကြောင့် တရုတ်ဟာ သူ့နယ်စပ် မြစ်ကြောင်းတွေမှာ လက်နက်ကိုင်လုံခြုံရေးကင်းလှည့်သင်္ဘောတွေ ချထားခဲ့ရတဲ့အခြေအနေအထိပါ ရောက်လာပါတယ်။ မူးယစ်ရာဇာ နော်ခမ်းနဲ့အဖွဲ့ဟာ တရုတ် မြန်မာ ထိုင်း လော နယ်ချင်းစပ်နေတဲ့ မဲခေါင် မြစ်ကြောတလျှောက် သင်္ဘောတွေကို တိုက်ခိုက် ပြန်ပေးဆွဲခဲ့တာဖြစ်ပြီး၊ ဒေသတွင်း တရားမဝင် မူးယစ်ကုန်ကူးမှုမှာလည်း ပါဝင်ပတ်သက်ခဲ့ပါတယ်။
XS
SM
MD
LG