သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘယ်လ်ဆုနဲ့အပြိုင် တရုတ်က ငြိမ်းချမ်းရေးဆု အသစ်ထွင်

တရုတ်နိုင်ငံအနေနဲ့ သူတို့ကိုယ်ပိုင်နဲ့ ငြိမ်းချမ်းရေး ဆုတဆုကို လာမယ့် ကြာသပတေးနေ့မှာ ချီးမြှင့်သွားမယ်လို့ အသစ်ဖွဲ့လိုက်တဲ့ တရုတ်အဖွဲ့တခုက ကြေညာပါတယ်။ အကျဉ်းချခံထားရတဲ့ တရုတ် အတိုက်အခံ လျူရှောင်ဘို (Liu Xiaobo) ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်မယ့်နေ့ မတိုင်ခင် တနေ့မှာ ပြုလုပ်ကြမှာပါ။

တရုတ် ရှေးတွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်ရဲ့ နာမည်နဲ့ ကွန်ဖြူးရှပ် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်သွားတော့မယ်လို့ တရုတ်သတင်းစာတစောင်က ရေးသားပြီး သုံးပတ်အကြာမှာ အခုလို ကြေညာချက် ထွက်လာတာပါ။

အခုသောကြာနေ့ လုပ်မယ့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို အစိုးရတွေ သပိတ်မှောက် ကန့်ကွက်ကြဖို့ တရုတ်အစိုးရက ကြိုးပမ်းနေတဲ့ အချိန်မှာပဲ အခုလို တရုတ်ကနေ သူ့ကိုယ်ပိုင် ငြိမ်းချမ်းရေး ဆုတဆု ပေးဖို့ ပြင်ဆင်ဆောင်ရွက်လာတာပါ။

ပထမဆုံးဆုကိုတော့ ထိုင်ဝမ်နဲ့ ပြည်မကြီးအကြား ငြိမ်းချမ်းရေး ပေါင်းကူးပေးခဲ့တဲ့ ထိုင်ဝမ် ဒုတိယ သမ္မတဟောင်း Lien Chen ကို ပေးအပ်မယ်လို့ ကွန်ဖြူးရှပ် ဆုပေးရေးအဖွဲ့က ပြောပါတယ်။ Lien ဟာ ၂၀၀၅ ခုနှစ်မှာ ထိုင်ဝမ် အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌ အနေနဲ့ တရုတ်နိုင်ငံကို သမိုင်းဝင် ခရီးထွက်ခဲ့သူ ဖြစ်ပါတယ်။ ဒီအတွက်လည်း နှစ်နိုင်ငံ အစိုးရအကြား တင်းမာမှုတွေ လျော့ကျခဲ့ပါတယ်။

ကွန်ဖြူးရှပ်ဆုပေးဖို့ အမည်စာရင်း တင်သွင်းခံရသူတွေထဲမှာ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (Nelson Mandela)၊ အမေရိကန် သန်းကြွယ်သူဌေး ဘီလ်ဂိတ် (Bill Gates)၊ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် (Mahmoud Abbas) နဲ့ တရုတ်ကခန့်တဲ့ တိဘက်ဘုန်းတော်ကြီး ပန်ချန်း လားမား (Panchen Lama) တို့ ပါဝင်ကြပါတယ်။

This item is part of
XS
SM
MD
LG