တောင်ကိုရီးယားကျွန်းပေါ်ကို မြောက်ကိုရီးယားက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ကြီးထွားနေတာတွေ လျော့ပါးစေဖို့ စနေနေ့မှာပဲ တရုတ်နိုင်ငံက သံတမန်ရေးရာ ဆောင်ရွက်ချက်တွေကို အလေးထား လုပ်ဆောင်လိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တွေ လုပ်ဆောင်ဖို့ ရှိနေချိန်မှာ အခုလို သံတမန်ရေး ဆောင်ရွက်ချက် ထွက်ပေါ်လာတာပါ။ ဒေသတွင်း တည်ငြိမ်မှုရစေရေး တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ တရုတ်နိုင်ငံက ထိပ်တန်းအရာရှိ ၂ ယောက်ကို ဆိုးလ်မြို့တော်ကို စနေနေ့မှာပဲ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Yang Jiechi က ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဆောင်ဖို့အတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့လည်း ဆက်သွယ်ခဲ့တာပါ။ သံတမန်ရေး ကြိုးပမ်းမှု ၂ ခုစလုံးဟာ တင်းမာမှုတွေ လျော့ကျစေဖို့နဲ့ ရပ်တန့်နေတဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ ဖြစ်တယ်လို့လည်း တရုတ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကိုတော့ တောင်ကိုရီးယားပိုင် ယောင်ဖြွန်းကျွန်းပေါ်ကို မြောက်ကိုရီးယားက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ တောင်ကိုရီးယား စစ်သား ၂ ယောက်နဲ့ အရပ်သား ၂ ယောက် သေဆုံးခဲ့ပြီးတဲ့နောက် ၁ ပတ်မပြည့်မီ ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတာပါ။ မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာနကတော့ စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ကို ပြစ်တင် ဝေဖန်လိုက်ပြီး ကိုရီးယား နှစ်ပြည်ထောင်ကြား စက်မက်ဖြစ်ပွားလုနီးနီး ဖြစ်နေပြီလို့ သတိပေးခဲ့ပါတယ်။