တရုတ်နိုင်ငံက Google အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီရဲ့ Google-plus လူမှုကွန်ယက် အင်တာနက် ဝက်ဘ်ဆိုက်ကို ဖွင့်ပေးလိုက်တဲ့အတွက် ရာပေါင်းများစွာသော တရုတ်နိုင်ငံသားတွေ အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) ရဲ့ အင်တာနက် ဝက်ဘ်ဆိုက်ပေါ်မှာ စာတွေ ရေးသားခဲ့ကြပါတယ်။
Google-plus လူမှုကွန်ယက် အင်တာနက် ဝက်ဘ်ဆိုက်ကို မနှစ်က စတင်ခဲ့တာဖြစ်ပေမဲ့ အင်တာနက် သုံးစွဲမှုကို တင်းကျပ်စွာ ကန့်သတ်လေ့ရှိတဲ့ ကွန်မြူနစ်တရုတ် အစိုးရက အဲဒီဝက်ဘ်ဆိုက်ကို တက်ရောက် အသုံးပြုခွင့် ပိတ်ပင်ထားခဲ့တာပါ။
ဒါပေမဲ့ တရုတ်အစိုးရက ဖွင့်ပေးလိုက်တဲ့အတွက်ကြောင့်လား၊ ဒါမှမဟုတ် အင်တာနက် သုံးစွဲခွင့် ဆင်ဆာလုပ်တဲ့နေရာမှာ ချို့ယွင်းချက် တစ်ခုခု ရှိခဲ့တဲ့အတွက်ကြောင့်လား လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း တရုတ်နိုင်ငံသားတွေ Google-plus ဝက်ဘ်ဆိုက်ကို ဝင်ရောက် ကြည့်ရှုခွင့် ရနေကြပါတယ်။
သမ္မတ အိုဘားမားထံ ရေးကြတဲ့ စာတွေထဲမှာတော့ လွတ်လပ်စွာ ပြောဆိုခွင့်၊ လူ့အခွင့်အရေး စတဲ့ အခွင့်အရေးဆိုင်ရာ အကြောင်းအရာတွေ ပါသလို အမေရိကန်နိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်ရရေး အတွက် Green Card လို့ခေါ်တဲ့ တရားဝင်နေထိုင်ခွင့် ဘယ်လို လျှောက်ရမလဲ ဆိုတဲ့ သာမန်မေးခွန်းမျိုးတွေလည်း ပါဝင်ပါတယ်။