သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် တအိမ်ထောင် ကလေးတယောက်နှုန်း အာဏာတည်ဆဲ


တရုတ်နိုင်ငံမှာအသစ်ပြဌာန်းမယ့် တအိမ်ထောင် ကလေး ၂ ယောက်နှုန်း ဥပဒေ စတင် အာဏာမသက်ရောက်ခင် လက်ရှိ တအိမ်ထောင် ကလေးတစ်ယောက်နှုန်း မူဝါဒဟာ ဆက်လက်တည်ရှိနေမယ်လို့ တရုတ်နိုင်ငံရဲ့ မိသားစုစီမံကိန်းဆိုင်ရာ ထိပ်တန်း အာဏာပိုင်အဖွဲ့က ပြောကြားလိုက်ပါတယ်။

အခုလို အမျိုးသားကျန်းမာရေးနဲ့ မိသားစုစီမံကိန်းကော်မရှင်ရဲ့ ဒီကြေညာချက်ဟာ လက်ရှိ ကိုယ်ဝန်ဆောင်ထားသူတွေအနေနဲ့ ဒုတိယမြောက် ရင်သွေးငယ်မွေးဖွားရင် အပြစ်ပေးအရေးယူခံရမှာမဟုတ်ဘူးလို့ Hunan ပြည်နယ် အရာရှိတွေက ဒေသခံသတင်းစာတခုကို ပြောကြားလိုက်တာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

တရုတ်အစိုးရရဲ့ မူဝါဒပြောင်းလဲမှုနဲ့ပတ်သက်လို့ မတ်လမှာ ကျင်းပမယ့် ထိပ်တန်း ဥပဒေပြုအဖွဲ့ရဲ့ နှစ်ပတ်လည်ညီလာခံမှာ ပြင်ဆင်ရေးဆွဲပြီးမှ အတည်ပြုမှာဖြစ်တဲ့အကြောင်း အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ အလုပ်လုပ်နိုင်သူဦးရေ လျော့နည်းလာနေတာ၊ ကျားမ လူဦးရေ မညီမျှ ဖြစ်ပေါ်နေတာနဲ့ သက်ကြီးရွယ်အို အရေအတွက် များပြားလာနေတာတွေကြောင့် ၃၅ နှစ်ကြာ ပြဌာန်းခဲ့တဲ့ တအိမ်ထောင် ကလေးတစ်ယောက်ပဲ ယူခွင့်ရတဲ့မူဝါဒကို ပြောင်းလိုက်ပြီဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီရဲ့ အရေးပါတဲ့အစည်းဝေးအပြီးပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကြေညာခဲ့တာပါ။

၂၀၅၀ ခုနှစ်ကျရင် တရုတ်နိုင်ငံမှာ အသက် ၆၀ ကျော် လူဦးရေဟာ ၃၅% အထိ ရှိလာမယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်း ထားတဲ့အတွက် ကမ္ဘာမှာ အသက်အရွယ်ကြီးရင့်တဲ့သူ အရေအတွက်ကြောင့် များပြားမှုကြောင့် အဆိုးရွားဆုံး ထိခိုက်နစ်နာစေမယ့် နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံလည်း ပါဝင်တယ်လို့ဆိုပါတယ်။

XS
SM
MD
LG