အငြင်းပွားစရာဖြစ်နေတဲ့ စပရက်လီ (Spratly) ကျွန်းစုတွေနားက ဖိလစ်ပိုင် ရေပိုင်နက်ထဲကို တရုတ် ကင်းလှည့် စစ်ရေယာဉ် ၂ စင်း ဝင်လာတယ်လို့ စွပ်စွဲပြီး ရေနံရှာဖွေနေတဲ့ ဖိလစ်ပိုင် သင်္ဘောကို အဲဒီနေရာကနေ ပြန်လည်ထွက်ခွာဖို့ အမိန့်ပေးထားပါတယ်။
ဗုဒ္ဓဟူးနေ့က ဖြစ်ခဲ့တဲ့ ကိစ္စကို စုံစမ်းစစ်ဆေးဖို့ စစ်လေယာဉ် ၂ စင်းကို လွှတ်လိုက်ပေမဲ့ တရုတ် ကင်းလှည့်ယာဉ်တွေ ထွက်ခွာသွားပြီလို့ ဖိလစ်ပိုင် စစ်တပ်က ဒီကနေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံနဲ့ စပရက်လီကျွန်းတွေ ရှိရာကြားက ရိဒ် ဘန့်က် (Reed Bank) ဆိုတဲ့ နေရာမှာ ဖိလစ်ပိုင် ရေနံရှာဖွေရေး သင်္ဘောတစင်း ရေနံရှာဖွေရေး လုပ်နေခဲ့တာလို့ ထိပ်တန်း စစ်တပ်အရာရှိ တယောက်က သတင်းထောက်တွေကို မနီလာမြို့တော်မှာ ပြောပါတယ်။
သင်္ဘောဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ရေပိုင်နက်ထဲမှာပဲ ရှိနေပါတယ်လို့ အရာရှိက အခိုင်အမာ ပြောပါတယ်။
အဲဒီ စပရက်လီ ကျွန်းစုတွေကို တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံအပြင် တခြားနိုင်ငံတွေက အားလုံး၊ ဒါမှမဟုတ် တချို့ကို ပိုင်ဆိုင်တယ်ဆိုပြီး အငြင်းပွားနေကြတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ဘက်က ပြောကြားချက်တွေနဲ့ ပတ်သက်လို့ မနီလာမြို့တော်မှာရှိတဲ့ တရုတ်သံရုံးကတော့ တစုံတရာ မှတ်ချက်မပေးသေးပါဘူး။