တရုတ်နဲ့ ဖိလစ်ပိုင် အရာရှိတွေအကြား ပြုလုပ်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲအတွင်း တရုတ်သံတမန် တဦးက ရိုင်းပြတဲ့ အပြုအမူ လုပ်ဆောင်ခဲ့တဲ့အတွက် အဲဒီ သံတမန်ကို ဖိလစ်ပိုင် အရာရှိတွေက အစည်းအဝေးတက်ခွင့် ပိတ်ပင်လိုက်ပါတယ်။
နှစ်နိုင်ငံအကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ စပရက်လီ (Spratly) ကျွန်းစုကိစ္စ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးရုံးမှာ ဆွေးနွေးနေကြစဉ် တရုတ်သံရုံး ပထမအတွင်းဝန် လီယုန်ရှန် (Li Yongshen) က ဖိလစ်ပိုင် အရာရှိတွေကို အော်ဟစ် ပြောဆိုခဲ့တဲ့အတွက် အဲဒီ သံအရာရှိကို နိုင်ငံခြားရေး ဝန်ကြီးရုံးထဲ ဝင်ခွင့် တားမြစ်ခဲ့တာလို့ ဆိုပါတယ်။ လီယုန်ရှန်ဟာ သံတမန် အပြုအမူနဲ့ မကိုက်ညီတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။
တောင်တရုတ်ပင်လယ် အတွင်းမှာရှိတဲ့ အဲဒီ စပရက်လီ ကျွန်းစုတွေကို ဖိလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ထိုင်ဝမ်တို့က အသီးသီး ပိုင်ဆိုင်ကြောင်း အငြင်းပွားနေကြတာပါ။ လူနေထိုင်ခြင်း မရှိတဲ့ အဲဒီကျွန်းစုတွေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စတဲ့ တွင်းထွက် သယံဇာတတွေ အများအပြား ရှိနေတယ်လို့ အများက ယူဆထားကြတာပါ။
စပရက်လီ ကျွန်းစုတွေအနီး ဖိလစ်ပိုင်နိုင်ငံ အနီးတဝိုက်မှာ တရုတ်ဘက်က ကျူးကျော် ဝင်ရောက်လာနေတဲ့ ကိစ္စအပေါ် ဖိလစ်ပိုင်ဘက်က အထူး စိုးရိမ်နေတာပါ။ တရုတ်နိုင်ငံကတော့ တောင်တရုတ်ပင်လယ်ပြင်ကို ရာစုနှစ်ပေါင်း များစွာကတည်းက သူတို့ ပိုင်ဆိုင်လာခဲ့တာလို့ ပြောပါတယ်။
အခုလို နယ်မြေပိုင်ဆိုင်မှုကိစ္စ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပေမဲ့လည်း ဖိလစ်ပိုင်သမ္မတ ဘန်နစ်နို အကွီနို (Benigno Aquino) ဟာ တရုတ်နိုင်ငံကို အခုနှစ် နှောင်းပိုင်းမှာ သွားလည်ဖို့ ရှိနေပါတယ်။ ဘယ်နေ့သွားမယ်ဆိုတဲ့ ရက်အတိအကျတော့ မသိရသေးပါဘူး။