တောင်တရုတ် ပင်လယ်ပြင်တွင်း ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကျွန်းတွေအနီး တရုတ်နိုင်ငံက သင်္ဘောအစင်း ၃၀ လောက် စေလွှတ်လိုက်တဲ့အတွက် ဖိလစ်ပိုင်နိုင်ငံက စိုးရိမ်မကင်း ဖြစ်နေပါတယ်။ Yongshu ကျောက်တန်းအနီး သွားရောက်တဲ့ ငါးဖမ်း သင်္ဘောတွေကို စောင့်ရှောက်ဖို့ တန်ချိန် ၃ ထောင် ရှိတဲ့ သင်္ဘောတစင်းနဲ့ အစိုးရရေယဉ်တွေ လိုက်ပါသွားခဲ့ကြောင်း တရုတ် အစိုးရက ကြေညာထားတာပါ။

ဖိလစ်ပိုင် နိုင်ငံခြားရေး ဌာနကတော့ တရုတ်သင်္ဘောတွေ ရောက်ရှိလာတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်တဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ရေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်လာတာမျိုး မဖြစ်စေချင်ဘူး လို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။

တရုတ်ငါးဖမ်းသင်္ဘောတွေ ရောက်ရှိလာတဲ့ ကျောက်တန်းဟာ ဖိလစ်ပိုင်နိုင်ငံ Palawan ခရိုင် အနောက်ဘက် မိုင် ၃၁၀ အကွာမှာ တည်ရှိတာကြောင့် ကမ်းလွန် မိုင် ၂၃၀ ကျော်ရင် နိုင်ငံတကာ ရေပိုင်နက်အဖြစ် သတ်မှတ်လေ့ရှိတဲ့ နယ်မြေကို ကျော်လွန်တဲ့ နေရာမှာ ရှိနေတာဖြစ်ပါတယ်။

တောင်တရုတ် ပင်လယ်ပြင်တွင်း ပိုက်နက်နယ်မြေအတွက် တရုတ်နိုင်ငံနဲ့ အငြင်းပွားနေတဲ့ အထဲမှာ အရှေ့ တောင် အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် ဖိလစ်ပိုင်သာမက၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း စတဲ့ နိုင်ငံတွေလည်း ပါဝင်နေကြတာပါ။ ဒီအတွက်လည်း အာဆီယံ အစည်းအဝေးပွဲတွေ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပစဉ် ဒီကိစ္စကို ဆွေးနွေးခဲ့ကြပေမဲ့ တစုံတရာ သဘောတူညီချက် မရဘဲ အဆုံးသတ်ခဲ့တာလည်း ဖြစ်ပါတယ်။