သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံ သွားမည်


တရုတ်ဝန်ကြီးချုပ် ၀မ်ကျားဘောင် (Wen Jia-bao) ဟာ အခုလာမယ့် သီတင်းပတ်အတွင်း မြန်မာပြည်ကို ရောက်လာလိမ့်မယ်လို့ တရုတ် ဒု-နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တရုတ်ဝန်ကြီးချုပ်ရဲ့  ဇွန်လ (၂) ရက်နဲ့ (၃) ရက် မြန်မာပြည်ခရီးစဉ်မှာ နှစ်နိုင်ငံ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူ စာချုပ်တွေလည်း တော်တော်များများ ချုပ်ဆိုသွားဖို့ ရှိပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ စွမ်းအင်နဲ့ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ကိစ္စတွေ ပါဝင်ပါလိမ့်မယ်။

မြန်မာလူထု ဘ၀အခြေအနေတေ တိုးတက်လာဖို့နဲ့ စီးပွါးရေး တိုးတက်လာဖို့ တရုတ်ဘက် က ကူညီဖို့ ကမ်းလှမ်းသွားမယ်လို့လည်း တရုတ် ဒု-နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ တရုတ် ၀န်ကြီးချုပ်ရဲ့  မြန်မာပြည်ခရီးစဉ်အတွင်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ၀န်ကြီးချုပ် ဦးသိန်းစိန်တို့နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကြောင့် နိုင်ငံတော်တော်များများက မြန်မာစစ်အစိုးရကို အထီးကျန်ထား ဆက်ဆံနေပေမဲ့လည်း တရုတ်ကတော့ မြန်မာစစ်အစိုးရရဲ့  အဓိက မဟာမိတ်နိုင်ငံ တနိုင်ငံပါ။

အခုလာမယ့် သောကြာနေ့ မေလ (၂၈) ရက်နေ့ကနေ (၃) ရက်နေ့အထိ အာရှလေးနိုင်ငံကို ခရီးထွက်မယ့် တရုတ်ဝန်ကြီးချုပ်ရဲ့  ခရီးစဉ်မှာ ဂျပန်၊ တောင်ကိုရီးယား၊ မွန်ဂိုလီးယားနဲ့ မြန်မာနိုင်ငံ တွေကိုသွားမှာပါ။

မြန်မာပြည်ကို နောက်ဆုံးမှ ၀င်ရောက်မှာပါ။ စွမ်းအင်ကို အကြီးအကျယ် လိုချင်နေတဲ့ တရုတ်ပြည်ဟာ မြန်မာပြည်ကထွက်တဲ့ သဘာဝ ဓါတ်ငွေ့တွေ အများအပြား ၀ယ် ယူနေတဲ့ အဓိက ဖေါက်သည်နိုင်ငံတခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏက အမေရိကန် ဒေါ်လာသန်းပေါင်း သုံးထောင်လောက် ရှိခဲ့ပါတယ်။

စီးပွါးရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ တရုတ်ဟာ မြန်မာရဲ့  စတုတ္ထ အများဆုံး ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနှစ်ထဲမှာကိုပဲ တရုတ်ရဲ့  ရင်းနှီးမြုပ်နှံမှုက အမေရိကန် ဒေါ်လာသန်းပေါင်း တထောင့်သုံးရာကျော် ရှိပါတယ်။ အဓိကအားဖြင့် ရေအား လျှပ်စစ် ထုတ်လုပ်ရေး၊ ရေနံနဲ့ သဘာဝဓါတ်ငွေ တူးဖေါ်ရေး၊ လမ်းနဲ့ရထား လမ်းဖေါက်လုပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ တရုတ်က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG