တရုတ်နိုင်ငံ အနေနဲ့ ဒီမိုကရေစီစနစ်ကို ဘယ်တော့မှ လက်ခံကျင့်သုံးမှာ မဟုတ်သလို အနောက်နိုင်ငံတွေလို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်မှာမဟုတ်ဘူးလို့ တရုတ် ထိပ်တန်းခေါင်းဆောင် တယောက်က အလေးအနက် ကြေညာသွားပါတယ်။
ဘေဂျင်းမြို့တော်မှာ ပြုလုပ်တဲ့ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် ညီလာခံ မိန့်ခွန်းမှာ ညီလာခံ သဘာပတိ ၀ူဘန်ဂေါင်း (Wu Bangguo) က အခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။
ပါတီစုံစနစ် ဒီမိုကရေစီကို ဘယ်တော့မှ ကျင့်သုံးမှာ မဟုတ်ဘူး ဆိုတာကို တရုတ်ခေါင်းဆောင်ကြီးတွေက အလေးအနက် ကြေညာထားပြီး ဖြစ်တယ်လို့ မစ္စတာဝူက ကိုယ်စားလှယ်တွေကို ပြောပါတယ်။
အစိုးရရဲ့ ယန္တရား ၃ ရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာတွေကို ခွဲဝေအုပ်ချုပ်တာမျိုး၊ တခါ ဒေသဆိုင်ရာ ပြည်နယ်အစိုးရတွေကို ကျယ်ကျယ်ပြန့်ပြန့် အာဏာအပ်နှင်းတဲ့ ဖက်ဒရယ်ပုံစံ စနစ်ကိုလည်း လုပ်မှာမဟုတ်ဘူးလို့ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် စည်းဝေးပွဲ သဘာပတိက နှစ်ပတ်လည် ညီလာခံမှာ မိန့်ခွန်းပြောကြားသွားပါတယ်။