တရုတ်နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေတွေကို တရုတ်အစိုးရက တင်းကြပ်တော့မှာဖြစ်ပြီး ပတ်ဝန်းကျင် ညစ်ညမ်းအောင်လုပ်တဲ့သူတွေကို ထိခိုက်မှုအတွက် ဒဏ်ငွေရိုက်မယ်လို့ တရုတ်ထိပ်တန်း ဥပဒေပြုသူတယောက်က ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ သြဇာညောင်းတဲ့ ပေါလစ်ဗျူရိုကော်မတီဝင် ဂျန်းဒူ့ကျန်က ဥပဒေပြုရေးဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးပွဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒတခုကို တင်ပြခဲ့ပါတယ်။ အဲဒီထဲမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးအောင်လုပ်တဲ့ စီးပွားရေးသမားတွေအနေနဲ့ သူတို့လုပ်ရပ်အတွက် တာဝန်ရှိတယ်လို့ ပြောထားပါတယ်။
ဥပဒေကို တင်းတင်းကြပ်ကြပ် ပြန်လည်ပြင်ဆင်နေတယ်လို့ ပြောပေမဲ့ အသေးစိတ်တော့ ရှင်းပြခြင်းမရှိပါဘူး။ တရုတ်နိုင်ငံမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်တဲ့ ဥပဒေတွေရှိပေမယ့်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဘယ်တုန်းကမှ ထိထိရောက်ရောက် ကိုင်တွယ်အရေးယူနိုင်ခဲ့တာ မရှိပါဘူး။
ပြီးခဲ့တဲ့နှစ်တုန်းက ပတ်ဝန်းကျင်သန့်ရှင်းစိတ်ချရမှုကို စစ်ဆေးတိုင်းတာခဲ့တာမှာ တရုတ်နိုင်ငံထဲက မြို့တွေအားလုံးဟာ အစိုးရသတ်မှတ်ထားတဲ့ စံချိန်ပြည့်မီခြင်းမရှိတာကို တွေ့ရှိခဲ့ပါတယ်။