သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံဆည် ကိစ္စဆွေးနွေးဖို့ တရုတ် ကုမ္ပဏီ ကမ်းလှမ်း


မေခမြစ်နဲ့ မလိခဖြစ် ပေါင်းဆုံရာ ဧရာဝတီမြစ်ဆုံမြင်ကွင်း
မေခမြစ်နဲ့ မလိခဖြစ် ပေါင်းဆုံရာ ဧရာဝတီမြစ်ဆုံမြင်ကွင်း
နိုင်ငံတော်သမ္မတအမိန့်နဲ့ ရပ်ဆိုင်းထားခဲ့တာ ၁ နှစ်ခွဲရှိလာပြီဖြစ်တဲ့ ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကိစ္စကို - မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးလိုကြောင်း China Power Investment – CPI ကုမ္ပဏီရဲ့ ကမ်းလှမ်းချက်ကို ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ KDNG က ကြိုဆိုလိုက်ပါတယ်။ ကြာသပတေးနေ့က ကြေညာချက်ထုတ် တုံ့ပြန်ခဲ့တာဖြစ်ပြီး၊ လက်ရှိ ကချင်ပြည်နယ်တွင်းမှာ CPI ကုမ္ပဏီက ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဆက်လက် လှုပ်ရှားမှုတွေ ရှိနေတယ်လို့လည်း KDNG အဖွဲ့က ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ နန္ဒာချမ်းက ဆက်ပြောပြပေးပါမယ်။

မြန်မာသမ္မတ ဦးသိန်းစိန် အရပ်သားအစိုးရလက်ထက်မှာ ရပ်ဆိုင်းခဲ့တဲ့ ဧရာဝတီ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကြီးကို ပြန်စနိုင်ဖို့ တရုတ် CPI ကုမ္ပဏီက တစိုက်မတ်မတ် ကြိုးပမ်းနေတာမှာ - မကြာသေးခင် ရက်ပိုင်းကတော့ - ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ KDNG နဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း - သတင်းမီဒီယာတခုနဲ့ မေးမြန်းခန်း မှာ ပြောဆိုခဲ့တာပါ။

ဒါကြောင့် KDNG အဖွဲ့ကလည်း ဒီကမ်းလှမ်းချက်ကို ကြိုဆိုတယ်ဆိုပြီး ကြာသပတေး နေ့က ကြေညာချက်ထုတ် တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း - KDNG တဖွဲ့တည်းအနေနဲ့တော့ မဟုတ်ဘူးလို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ရဲ့ ပြောခွင့်ရသူ မအာနန်းက ပြောပါတယ်။

"ဒီမြစ်ဆုံရေကာတာကို ဆန့်ကျင်နေတာက ကျမတို့ ကချင်တဖွဲ့တည်း မဟုတ်ဘူး။ နောက်တခုအနေနဲ့ကလည်း ဒီမြစ်ဆုံရေကာတာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံအဆင့် တွေ့ဆုံဆွေးနွေးပွဲလုပ်သင့်တယ်။ အဲ့ဒီ့မှာက ဒါကို လက်မှတ်ထိုးတဲ့အစိုးရအနေနဲ့လည်း ပါသင့်တယ်။ ပြီးတော့လည်း တကယ့် ဆိုးကျိုး ထိခိုက်နေတဲ့ ဒေသခံပြည်သူလူထုတွေလည်း ပါသင့်တယ်။ နောက်ဧရာဝတီမြစ်ကို ကာကွယ်ဖို့ဆိုပြီးတော့မှ လှုပ်ရှားမှုတွေ လုပ်နေတဲ့ ဒီအဖွဲ့အစည်းတွေရော အကုန်လုံးပါပြီးတော့မှ တွေ့ဆုံဆွေးနွေးမှုကြီး လုပ်သင့်တယ်။ အဲ့ဒီ့မှာမှ အသေးစိတ် ဘာတွေ လုပ်နေတယ်ဆိုတာ လူထုတွေကို ပြောပြသင့်တယ်။ နောက်တခုအနေနဲ့ လူထုတွေ မေးတဲ့ မေးခွန်းတွေ သူတို့အနေနဲ့ ဖြေသင့်တယ်ဆိုပြီးတော့မှ ကျမတို့အနေနဲ့ အဲ့လိုမျိုး ကမ်းလှမ်းထားတယ်ရှင့်။"

KDNG အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ပင်မအသက်သွေးကြောလို့ ခေါ်ဆိုနိုင်တဲ့ ဧရာဝတီမြစ်ပေါ်မှာ ရေကာတာ တည်ဆောက်ြ ခင်းအားဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို တောက်လျှောက် အစီရင်ခံစာ ထုတ်ပြန်ခဲ့တာနဲ့ ကချင်ပြည်နယ်တွင်း ဒေသခံလူထုတွေအကြား ပညာပေးမှုတွေနဲ့ ရေကာတာ စီမံကိန်းရပ်ဆိုင်းရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ သူတို့အဖွဲ့အနေနဲ့ တရုတ် CPI ကုမ္ပဏီနဲ့ တွေ့ဆုံတဲ့အခါကျရင် အဓိက ပြောဆိုမယ့် အချက်တွေနဲ့ ပတ်သက်လို့လည်း KDNG ပြောခွင့်ရသူ မအာနန်းက အခုလိုပြောပါတယ်။

"မြစ်ဆုံရေကာတာကို ဆန့်ကျင်တဲ့သူမရှိဘူးဆိုပြီးတော့မှ သူက မီဒီယာကို အဲ့ဒီ့လိုပြောထားတယ်လေနော်။ ကျမတို့ အနေနဲ့ ဒီမြစ်ဆုံရေကာတာ ကို မြန်မာနိုင်ငံပြည်သူလူထုတွေက ဘာကြောင့်မို့ ဆန့်ကျင်တယ်ဆိုတာ သူတို့ကို ပြောပြမယ်။ နောက်တခုက သူတို့ရဲ့ လုပ်ရပ်တွေက ဒီဒေသခံပြည်သူူလူထုမှာ ဘယ်လောက်အထိ ဆိုးကျိုးထိခိုက်နေတယ် ဆိုတဲ့ဟာကိုလည်းပြောပြမယ်။ ပြီးတော့လည်း ဒီမြစ်ဆုံရေကာတာ ရပ်ဆိုင်းပေးဖို့ ဆက်လက်ပြီးတော့ တောင်းဆိုမယ်။"

ဒီဧရာဝတီ-မြစ်ဆုံ ဆည် ၇ ခု စီမံကိန်းနဲ့ ပတ်သက်တဲ့ နားလည်မှု စာချွန်လွှာကို အရင် စစ်အစိုးရလက်ထက် ၂၀၀၆ ခုနှစ် ဒီဇင်ဘာမှာ လက်မှတ်ထိုးခဲ့တာဖြစ်ပြီး၊ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ပါမစ်တွေကိုတော့ ၂၀၁၀ စက်တင်ဘာမှာ ချပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ မှာ အရပ်သားအစိုးရ တက်လာပြီးတဲ့နောက် - ဒီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုမှုတွေ တနိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့တဲ့အတွက် သမ္မတဦးသိန်းစိန်ကနေ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ သမ္မတ အမိန့်နဲ့ ရပ်ဆိုင်းခဲ့ ကြောင်းကို ကြေညာခဲ့တာဖြစ်ပါတယ်။

တရုတ်ကုမ္ပဏီဖြစ်တဲ့ CPI ကတော့ ဒီစီမံကိန်း ပြန်စနိုင်ဖို့အတွက်ကို လူထုစည်းရုံးမှုတွေ လုပ်ဆောင်နေပြီး စီမံကိန်း ဒေသမှာရှိတဲ့ တချို့လုပ်ငန်းတွေကိုလည်း ဆက်လက် လုပ်ကိုင်နေတာ တွေ့ရတယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ ပြောခွင့်ရသူ မအာနန်း က ဆက်ပြောပြပါတယ်။

" ဟိုးမြစ်ဆုံရေကာတာ ရပ်ဆိုင်းထားပြီး ဆိုတဲ့ နောက်ပိုင်း ကတည်းက ရွှေ့ပြောင်း ထားတဲ့ ဒေသခံပြည်သူ လူထုတွေကို တွေ့ပြီးတော့
ဥပမာ ဆန်ထုတ်ပေးတာတို့၊ နောက် ဒီမြစ်ဆုံရေကာတာက ကောင်းတယ်။ နင်တို့ကို အလုပ်တွေပေးမယ်။ ဒီဟာက နင်တို့အတွက် ဖွံ့ဖြိုးတိုးတက်မှု တခုပဲ ဆိုပြီး လာပြီး ပြောတဲ့ဟာ သူတို့ မကြာခဏ လုပ်တယ်။ ပြီးတော့ နောက်တခု လတ်တလောမှာပဲ သူတို့ တံတားတွေဘာတွေ၊ အရင်တုန်းက ဆောက်လက်စ တံတားတွေကို အပြီးသတ်လုပ်နေတာမျိုးတွေရှိနေတယ်။ ပြီးတော့လည်း တရုတ်တွေ ၊ တရုတ်အလုပ်သမားအချို့တွေရော၊ ဒီစက် ယန္တယားတွေ အကုန်လုံးက ဒီမှာပဲ ရှိနေသေးတယ်။"

တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI ဟာ တရုတ်နိုင်ငံကို လျှပ်စစ်ဓာတ်အားရောင်းချနိုင်မယ့် ဒီစီမံကိန်းကြီး အတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီစီမံကိန်းကြီးကို ပြန် စတင်နိုင်ဖို့ လုံးပန်းနေတာလည်းဖြစ်ပါတယ်။ မြန်မာ သမ္မတ ဦးသိန်းစိန်ကတော့ သူ့လက်ထက် တလျှောက် ဒီစီမံကိန်းကြီးကို ရပ်ဆိုင်းထားမယ်လို့ တရားဝင် ပြောဆိုထားတာဖြစ်ပါတယ်။
XS
SM
MD
LG