တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်က သမ္မတရာထူးသက်တမ်းအတွက် ကန့်သတ်ချက်တွေကို ဒီကနေ့မှာ မဲပေးပြီး ပယ်ဖျက်လိုက်ပါတယ်။ အခုလို မဲပေးဆုံးဖြတ်လိုက်တာကြောင့် လက်ရှိတရုတ်သမ္မတ ရှီကျင့်ဖျင်အနေနဲ့ သမ္မတအဖြစ်နဲ့ သက်တမ်း အကန့်အသတ်မရှိဆက်ပြီးတော့ အုပ်ချုပ်သွားနိုင်ဖွယ်ရှိပါတယ်။
သမ္မတရှီကျင့်ဖျင်ရဲ့ လက်ရှိသမ္မတသက်တမ်းဟာ ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့်၊ သူ့အနေနဲ့ တရုတ်သမ္မတအဖြစ်နဲ့ ဆက်ပြီးတော့ လုပ်သွားနိုင်ချေရှိတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။ အခုလို တရုတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဒီကနေ့ သဘောတူ လိုက်တဲ့အတွက် သမ္မတရှီကျင့်ဖျင်ရဲ့ နိုင်ငံရေးအတွေးအခေါ် အမြင်သဘောထားတွေကိုလည်း ဖွဲ့စည်းပုံထဲမှာ တရားဝင်ထည့်သွင်းမှာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ခေါင်းဆောင်ကြီး မော်စီတုန်းနောက်ပိုင်း တရုတ်ခေါင်းဆောင်တွေ ထဲမှာ သူတို့ရဲ့ နိုင်ငံရေးအတွေးအခေါ် အမြင်သဘောထားတွေကို ဖွဲ့စည်းပုံထဲမှာ ပထမဆုံးအကြိမ်ဖော်ပြတာဖြစ်ပါတယ်။
အခုလို အပြောင်းအလဲတွေက တရုတ်ကွန်မြူနစ်ပါတီဟာ နိုင်ငံရဲ့ကိစ္စရပ်အရေးအရာအားလုံးနဲ့ ပတ်သက်ပြီး အာဏာအပြည့်အ၀ ရှိတယ်ဆိုတာ နဲ့ တရုတ်နိုင်ငံကို အုပ်ချုပ်ဖို့အတွက် တခုတည်းသောနိုင်ငံရေးအဖွဲ့အစည်းဖြစ်တယ်ဆိုတာကို အရင်ထက် ပိုရှင်းလင်းတဲ့ အသုံးအနှုန်းတွေနဲ့ အခိုင်အမာဖော်ပြသွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် တရုတ်နိုင်ငံတွင်းမှာ ပုံမှန်ထက်ပိုတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တရုတ်ပြည်သူအတော်များများအတွက်တော့ အခုလို သမ္မတရဲ့ သက်တမ်းကန့်သတ်ချက်ကို ပယ်ဖျက်လိုက်တာဟာ မော်စီတုန်းလက်ထက် တရုတ်နိုင်ငံအတွင်း အခြေအနေတွေ ပရမ်းပတာဖြစ်ခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလကို ပြန်ပြီးတော့ အမှတ်ရစေပါတယ်။ သမ္မတရှီကျင့်ဖျင်မတိုင်ခင် အုပ်ချုပ်ခဲ့တဲ့ သမ္မတတွေအားလုံးဟာ သက်တမ်း ၂ ခုပြီးတာနဲ့ တာဝန်ကနေ အနားယူကြတာဖြစ်ပါတယ်။