သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလားအလာ ရှိတဲ့ ခေါင်းဆောင်တွေ ကို တရုတ် တပြေးညီ ဆက်ဆံ


တရုတ်သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ။ (ဇွန် ၁၁၊ ၂၀၁၅)
တရုတ်သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ။ (ဇွန် ၁၁၊ ၂၀၁၅)

တရုတ်နိုင်ငံဟာ အရင်လိုမဟုတ်ပဲ ရရှည်အကျိုးစီးပွားအတွက်မြန်မာနိုင်ငံရေး အနာဂတ် အလားအလာရှိတဲ့ မြန်မာခေါင်းဆောင်တွေကို တပြေးညီ ဆက်ဆံ သွားမယ် ဆိုတာ တွေ့ရတယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူတချို့က သုံးသပ်ကြ ပါတယ်။ ဒါဟာ တရုတ်မြန်မာဆက်ဆံရေးမှာ ကြီးမားတဲ့ အပြောင်းအလဲ တခုဖြစ်တယ်လို့လည်းဆိုပါတယ်။ မအင်ကြင်းနိုင်ကအကြောင်းစုံကိုပြောပြမှာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် တရုတ်ခရီးစဉ်ဟာ မြန်မာနဲ့ တရုတ်နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန် အကျိုးရှိစေတယ်လို့ အများက သုံးသပ်နေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံ ဖိတ်ခေါ်တာဟာ အရင်က မြန်မာအပေါ် ထားတဲ့တရုတ် သဘောထားနဲ့ ယှဉ်မယ်ဆိုရင် ကြီးမားတဲ့ အပြောင်းအလဲ တခုဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်ဟောင်း Priscilla Clapp က ဗွီအိုအေကိုပြောပါတယ်။

"လွန်ခဲ့တဲ့ငါးနှစ်ကဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်ကိုသွားပြီး တရုတ် ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့မယ်ဆိုတာမျိုး၊ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို တရုတ်က ကြိုဆိုလိမ့်မယ် ဆိုတာမျိုး မတွေးမိခဲ့ကြပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး အတွက် တကယ့်ကိုကြီးမားတဲ့ အပြောင်းအလဲတခုပါပဲ။ ဒီအပြောင်းအလဲဟာလည်း အားလုံးအတွက် အကျိုးရှိမယ်ဆိုတာ သေချာပါတယ်။"

အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဟာ တည်ငြိမ်ဖို့အရေးကြီးတယ်လို့ Priscilla Clapp ကပြောပါတယ်။ နယ်စပ်မှာ တိုက်ပွဲတွေဖြစ်ပြီး မတည်ငြိမ်ဖြစ်ရင် နှစ်ဘက် အစိုးရတွေရဲ့ ဆက်ဆံရေးထိခိုက်စေတာပါ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံကို ဖိတ်ခေါ်တာကိုကြည့်မယ်ဆိုရင် မြန်မာ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အတွက် လည်းကောင်းတဲ့ လက္ခဏာဖြစ် တယ်လို့Priscilla Clapp ကသုံးသပ်ပါတယ်။ဒါအပြင် မြန်မာနိုင်ငံမှာ ဘယ်လို အပြောင်းအလဲတွေဖြစ်ဖြစ် တရုတ်အနေနဲ့ အဆင်သင့်ဖြစ်နေတယ်ဆိုတာ အချက်ပြ လိုက်တာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ကနေတရုတ်အတွက် အကျိုးအမြတ်ရလာဒ် ဘာရှိနိုင်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ Priscilla Clapp အခုလိုတုန့်ပြန်ပါတယ်။

"တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာဖြစ်နိုင်တဲ့ အလားအလာရှိတဲ့ သမ္မတလောင်းတွေနဲ့ ဆက်ဆံရေးခိုင်မာအောင်လုပ်တာပါပဲ။ သမ္မတဦးသိန်းစိန်ကို အကြိမ်များစွာဖိတ်ကြားတာ၊ နောက် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အပါအဝင် သူရဦးရွှေမန်းကို လည်း ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကဖိတ်ကြားပြီး တရုတ်သမ္မတ ရှီဂျင်ဖိန်ကိုယ်တိုင်တွေ့ဆုံတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် တရုတ်အနေနဲ့ ဘယ်သူကိုတော့ ထောက်ခံတယ်၊ အားပေးတယ်ဆိုတာမျိုးမဟုတ်တော့ပဲ သမ္မတဖြစ်လာနိုင်ချေ ရှိတဲ့ လက်ရှိခေါင်းဆောင်လေးဦးလုံးနဲ့ အညီအမျှ ဆက်ဆံတယ် ဆိုတာပြလိုက်တာဖြစ်ပါတယ်။"

အလားတူ မြန်မာ့အရေးကျွမ်းကျင်တဲ့ သတင်းစာဆရာကြီး Bertil Lintner ကလည်း တရုတ်နိုင်ငံက သူရဲ့ ရေရှည်အကျိုးစီးပွားနဲ့ မဟာဗျူဟာ အရ ဒေါ်အောင်ဆန်း စုကြည်ကို ဖိတ်ခေါ်ခဲ့တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ဒါ့အပြင် တရုတ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံရေးမှာ ပါဝင်သူအားလုံးနဲ့ ဆက်ဆံချင်နေတယ်ဆိုတာ အထင်အရှားတွေ့နေရပြီး တကယ်လို့ များ အနာဂတ်မြန်မာ့နိုင်ငံရေး အခြေအနေပြောင်းလဲခဲ့မယ်ဆိုရင် အားလုံးနဲ့ မိတ်ဆွေဖြစ်နေတာ ပိုပြီးကောင်းမွန်မယ်လို့ တရုတ်က ခံယူထားပုံရတယ်လို့လည်း ဘာတေးလ်လစ်တနာကဆိုပါတယ်။

ပါတီချင်းဆက်ဆံရေးအရ တရုတ်ကွန်မြူနစ်ပါတီရဲ့ဖိတ်ကြားချက်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ပထမဆုံး အကြိမ် တရုတ် နိုင်ငံသို့ လာရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့ ကနေ ၁၄ ရက် နေ့အထိ ၅ ရက်ကြာမြင့်မှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့မှာ NLD ဥက္ကဋ္ဌရုံး တာဝန်ခံ ဒေါက်တာ တင်မာအောင်နဲ့ ပြည်သူ့လွှတ်တော်အမတ်တွေဖြစ်တဲ့ ဦးဖြိုးဇေယျာသော်၊ ဦးဖြိုးမင်းသိန်းတို့လည်း ပါဝင်ပါတယ်။

XS
SM
MD
LG