တရုတ်နိုင်ငံမှာ သမ္မတသစ်ဖြစ်လာတဲ့ ရှီကျင်းပင် က တရုတ်နိုင်ငံရဲ့ အိပ်မက်တွေ လက်တွေ့ဖြစ်လာနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ သူ့ရဲ့ ပထမဆုံးပြောတဲ့မိန့်ခွန်းမှာ ကတိပြုပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံ အမျိုးသားလွှတ်တော် နောက်ဆုံးနေ့ပိတ်ပွဲ အခမ်းအနားမှာ ဒီနေ့မနက် မိန့်ခွန်းပြောရာမှာ သမ္မတသစ် ရှီ က တရုတ်နိုင်ငံရဲ့ အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ တရုတ်နည်းတရုတ်ဟန်နဲ့ လုပ်သွားမှဖြစ်မယ်လို့ ဆိုလိုက်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့အပတ်က သမ္မတဖြစ်လာတဲ့ မစ္စတာ ရှီ က သူ့အနေနဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်သွားမယ်၊ ဘ၀မှာတန်ဖိုးကြီးတာတွေကိုပဲ သုံးဖြုန်းပြီးပျော်ပိုက်တာကို အဓိကထားတဲ့မူဝါဒကို တိုက်ဖျက်သွားမယ်လို့ ထုတ်ပြောလိုက်တာကို အစိုးရပိုင် Xinhwa သတင်းဌာနက ကိုးကားဖော်ပြပါတယ်။
ဒီနေ့မနက် လွှတ်တော်အခမ်းအနား အဆုံးမသတ်ခင်လေးမှာပဲ အုပ်ချုပ်ရေးဘက်ကပြောတာကို တသွေမသိမ်း ထောက်ခံအားပေးလေ့ရှိတဲ့ ဒီလွှတ်တော်က နိုင်ငံရဲ့ နှေးကွေးလာနေတဲ့ စီးပွားရေးကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက် ၀ါရင့်အတတ်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ဝန်ကြီးအဖွဲ့ကို အတည်ပြုပေးခဲ့ပါတယ်။