တရုတ်နိုင်ငံက ထင်ရှားတဲ့ နိုင်ငံရေး လှုပ်ရှားသူ ၂ ယောက်ကို ဖမ်းဆီးရာက ပြန်လွှတ်ပေးရေး တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) ကို တောင်းဆိုဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကို ဥပဒေပြု အမတ်တွေက တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံရေး လွတ်လပ်ခွင့်အတွက် ပွင့်ပွင့်လင်းလင်း ပြောဆိုဝေဖန်တတ်တဲ့ တရုတ် တက်ကြွလှုပ်ရှားသူ လျူရှောင်ဘို (Liu Xiaobo) လွတ်မြောက်ရေးအတွက် သမ္မတ အိုဘားမားက တောင်းဆိုဖို့ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် အောက်လွှတ်တော် အမတ် ၂၉ ယောက် ပါဝင်တဲ့ အဖွဲ့တဖွဲ့က တိုက်တွန်းလိုက်ကြတာပါ။
နိုင်ငံတော် အာဏာကို နှောင့်ယှက်ထိပါးအောင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူ့ကို ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
တရုတ် တက်ကြွလှုပ်ရှားသူ လျူရှောင်ဘိုဟာဆိုရင် သောကြာနေ့မှာ ကြေညာဖို့ရှိတဲ့ ၂၀၁၀ ပြည့်နှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် ထိပ်ဆုံးနေရာမှာ ရှိနေသူ တဦးပါ။
တရုတ်အစိုးရကတော့ သူဟာ ဒီလို ဂုဏ်သိက္ခာ ကြီးမားတဲ့ ဆုမျိုးကို ရသင့်သူအဖြစ် စဉ်းစားထိုက်တဲ့လူ မဟုတ်ဘူးဆိုပြီး နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီကို အရင်နှစ်ထဲမှာပဲ ကန့်ကွက် ပြောဆိုထားတာပါ။
အမေရိကန် ဥပဒေပြု အမတ်တွေက တရုတ်ရှေ့နေတဦးဖြစ်တဲ့ ဂေါင်ဂျီရှမ်း (Gao Zhisheng) လွတ်မြောက်ရေး အတွက်လည်း တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
သူဟာဆိုရင် တချိန်တုန်းက သူ့ရဲ့ ဥပဒေရေးရာ ကိစ္စတွေအတွက် အစိုးရက မျက်နှာသာပေးတာ ခံခဲ့ရသူ ဖြစ်ပေမဲ့ နောက်ပိုင်း လူမျိုးစုတွေနဲ့ ဘာသာရေးအရ ခွဲခြားဆက်ဆံခံရတဲ့ အမှုတွေမှာ လိုက်ပါ အကျိုးဆောင်ပေးရာက အာဏာပိုင်တွေရဲ့ အငြိုအငြင် ခံခဲ့ရသူတဦးလည်း ဖြစ်ပါတယ်။