သုံးရလွယ်ကူစေသည့် Link များ

တရုတ်ငလျင် လူ ၄၀၀ ခန့်သေဆုံး


ယူနန်ပြည်နယ်၊ Ludian စီရင်စုအတွင်း လှုပ်ခဲ့တဲ့ငလျင်ကြောင့် ပျက်စီးမှု အခြေအနေ။ (သြဂတ်စ် ၄၊ ၂၀၁၄)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာ တနင်္ဂနွေနေ့ နေ့လည်က အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တာမို့ လူပေါင်း ၄၀၀ လောက် သေဆုံးခဲ့ရပြီး ဒီကနေ့တော့ ထောင်နဲ့ချီတဲ့ ကယ်ဆယ်ရေး လုပ်သားတွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံရှာဖွေနေကြပါ တယ်။ ငလျင်ဒဏ်ကြောင့် လူပေါင်း ၁,၈၀၀ ကျော် ဒဏ်ရာရခဲ့သလို အများအပြား လည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ရဲတွေ၊ မီးသတ်သမားတွေနဲ့ စစ်သားတွေဟာ မိုးသည်းသည်းထန်ထန် ရွာသွန်းနေတဲ့ကြားက ငလျင်ဒဏ်ကြောင့် ပြိုကျနေတဲ့ အဆောက်အဦး အပြိုအပျက်တွေအောက်မှာ လိုက်လံရှာဖွေ နေကြတာပါ။ ယူနန်ပြည်နယ် အနောက်တောင်ပိုင်းမှာ ဒီငလျင်ဒဏ်ကြောင့် အိမ်ခြေ ရှစ်သောင်း ပြိုကျခဲ့ရပြီး တခြား အဆောက်အဦးပေါင်း ၁၂၀,၀၀၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ တရုတ်အစိုးရပိုင် Xinhua သတင်းမှာ ဖော်ပြပါတယ်။

လောင်တူရှန်း (Longtoushan) ကျေးရွာကလေးနားမှာ ဗဟိုပြုတဲ့ငလျင်ဟာ ပြင်းအားအဆင့် ၆.၁ ရှိတယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန ကပြောပါတယ်။

ဒီဒေသအတွက် အစိုးရက ကယ်ဆယ်ရေးလုပ်သား နောက်ထပ် ၁၈,၀၀၀ ပို့ပေးမှာဖြစ်သလို ယာယီတဲအိမ်တွေ၊ ရေ၊ အစားအစာနဲ့အတူ တခြားလိုအပ်တဲ့ ကယ်ဆယ်ရေး အကူအညီတွေကိုလည်း ပို့ပေးနေပါတယ်။ ဒါပေမယ့် မြေပြိုမှုနဲ့ လမ်းပမ်းပျက်စီးမှုတွေက တောင်တန်း ဒေသ ဝေးလံခေါင်ဖျားနေရာအတွက် ကယ်ဆယ်ကူညီရေးနဲ့ အကူညီပစ္စည်းတွေ ရောက်ဖို့ ခက်ခဲနေတာပါ။ ဒီလို လမ်းတွေ ပျက်စီးနေတာမို့ တရုတ်ဝန်ကြီးချုပ် လီကေချန်း (Li Keqiang) ဟာ တနင်္လာနေ့က လောင်တူရှန်းရွာကလေးကို ရောက်ဖို့ ၃ မိုင်လောက်ခရီးကို လမ်းလျှောက်ခဲ့ရတယ်လို့ ဆင်ဟွာသတင်းရဲ့ တွစ်တာစာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ဒီငလျင်ဟာ နှစ်ပေါင်း ၁၄ နှစ်အတွင်း ယူနန်ဒေသမှာ အင်အားအပြင်းဆုံး ရိုက်ခတ်တဲ့ ငလျင်ဖြစ်တယ်လို့ တရုတ်အစိုးရ CCTV က ကြေညာပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသဟာ ငလျင် မကြာခဏ လှုပ်လေ့ရှိတဲ့နေရာပါ။ ၂၀၁၂ ခုနှစ်က ယူနန်ပြည်နယ်မှာ လှုပ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၈၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG