သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးကောင်စီ ရိုဟင်ဂျာအရေးဆုံးဖြတ်ချက် တရုတ်တုံ့ပြန်


တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Geng Shuang (the ministary of foreign affair)
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Geng Shuang (the ministary of foreign affair)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ချက်တရပ် ချမှတ်လိုက်တာဟာ အခြေအနေကို ပိုမိုရှုတ်ထွေးအောင် လုပ်ရာရောက်တဲ့အကြောင်း တရုတ်နိုင်ငံက ဒီကနေ့ပဲ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

"ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ အခြေအနေကို ကုစားရာမှာပဲဖြစ်ဖြစ်၊ ပြဿနာကို ဖြေရှင်းရာမှာပဲဖြစ်ဖြစ် အထောက်အကူ မဖြစ်စေတဲ့အပြင်၊ အခြေအနေကို ပိုမိုရှုတ်ထွေးစေပြီး၊ ဒုက္ခသည်တွေ ပြန်ပို့ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား သဘောတူညီချက်အပေါ်မှာလည်း အနှုတ်လက္ခဏာဆောင်တဲ့ ရိုက်ခတ်မှုတွေသာ ရှိနိုင်တဲ့အကြောင်း" တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Geng Shuang က ဘေဂျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မနေ့တုန်းက ဆုံးဖြတ်ချက်မှာတော့ ရခိုင်ပြည်နယ်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်နိုင်အောင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ အပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် ဖန်တီးဖို့ တောင်းဆိုချက်တွေ ထည့်သွင်းထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ထွက်ပြေးရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံတို့က ပူးတွဲအဆိုပြုခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းကိုတော့ အဖွဲ့ဝင် ၄၇ နိုင်ငံရှိတဲ့ လူ့အခွင့်အရေးကောင်စီမှာ ထောက်ခံမဲ ၃၃ မဲ၊ ကန့်ကွက်မဲ ၃ မဲနဲ့ ၉ နိုင်ငံက ကြားနေခဲ့ကြတာဖြစ်ပါတယ်။

ဆုံးဖြတ်ချက်ချရေး ကန့်ကွက်ခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ်အရေး မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား ဖြေရှင်းတာကသာ အကျိုးရှိနိုင်ကြောင်း ပြောဆိုခဲ့သလို၊ တရုတ်နိုင်ငံရဲ့ အဆိုပြုချက်ကိုလည်း သက်ဆိုင်ရာ ၂ နိုင်ငံစလုံးက လက်ခံထားတဲ့အကြောင်း မနေ့တုန်းက ဆုံးဖြတ်ချက်မချခင် လူ့အခွင့်အရေးကောင်စီကို ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် သံအမတ်ကြီး ဦးထင်လင်းကလည်း လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ ပြဿနာကို မီးထိုးပေးရာသာရောက်နေတဲ့အကြောင်း ပြောဆိုကန့်ကွက်ခဲ့တာပါ။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Zeid Ra’ad al-Hussein ကတော့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွင်း လူမျိုးတုန်း သတ်ဖြတ်မှု ကျုးလွန်တဲ့ အခြေအနေမျိုးအထိ ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း မနေ့တုန်းက ဆုံးဖြတ်ချက်ချဖို့ ထောက်ခံရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

XS
SM
MD
LG