လူ့အခွင့်အရေး အခြေအနေ တိုးတက်အောင်လုပ်ဖို့ အနောက်နိုင်ငံတွေက ဖိအားပေးတာကို ခံနေရတဲ့ တရုတ်အစိုးရက ဒီမိုကရေစီ ချဲ့ထွင်ဖို့နဲ့ တရားဥပဒေ စိုးမိုးရေး အားကောင်းစေဖို့ ရည်ရွယ်တယ်လို့ဆိုတဲ့ လုပ်ငန်းစီမံကိန်း အသစ်တခုကို ရေးဆွဲနေတယ်လို့ ပြောလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တဲ့ စီမံကိန်း အသစ်ထဲမှာ ပြည့်စုံပြီး စည်းစနစ်ကျတဲ့ လူ့အခွင့်အရေး ရည်မှန်းချက်တွေနဲ့ အဲဒီရည်မှန်းချက်တွေ ရရှိ အောင်မြင်ဖို့ လုပ်ဆောင်ရမယ့် လုပ်ငန်းအဆင့်တွေ ထည့်သွင်းထားတယ်လို့ နိုင်ငံတော်ကောင်စီ သတင်းနဲ့ ပြန်ကြားရေး အကြီးအကဲ ဝမ်န်ချန်း (Wang Chen) ကို ကိုးကားပြီး နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ကြေညာပါတယ်။
ဒီစီမံကိန်းကို နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ နိုင်ငံတော်ကောင်စီ သတင်းနဲ့ ပြန်ကြားရေးရုံးတို့က ပူးတွဲ အကောင်အထည်ဖော် ကြီးကြပ်မယ်လို့ ဆင်ဟွာက ဆိုပါတယ်။
တရုတ်အစိုးရဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်နဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေအပေါ် အာဏာရှင်ဆန်ဆန် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတယ်လို့ အနောက်နိုင်ငံ အစိုးရတွေက အမြဲလို ဝေဖန် ပြောဆိုလေ့ ရှိပါတယ်။ ဒီလွတ်လပ်ခွင့်တွေဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေရဲ့ အဓိက သီအိုရီတွေနဲ့ စံနှုန်းတွေ ဖြစ်ပါတယ်။
တရုတ်တို့ဘက်ကတော့ လူသန်းပေါင်း ၁,၃၀၀ တို့ရဲ့ လူနေမှု အဆင့်အတန်း တိုးတက်တဲ့ အပေါ်မှာ လူ့အခွင့်အရေး ဆိုတာကို အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။