သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ပင်လယ်ပြင်မှာ ရုရှား-တရုတ် ပူးတွဲစစ် လေ့ကျင့်မည်


အရှေ့တရုတ်ပင်လယ်ပြင်တွင်း တရုတ်နဲ့ရုရှားတို့ ပူးတွဲစစ်ရေးလေ့ကျင့်၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၂
အရှေ့တရုတ်ပင်လယ်ပြင်တွင်း တရုတ်နဲ့ရုရှားတို့ ပူးတွဲစစ်ရေးလေ့ကျင့်၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၂

ဂျပန်ပင်လယ်ပြင်ထဲမှာ ရုရှားရေနဲ့လေတပ်ဖွဲ့တွေနဲ့ ပူးတွဲစစ်ရေးလေ့ကျင်ဖို့ တရုတ်စစ်ရေယာဉ်အုပ်စု တနင်္ဂနွေနေ့က ထွက်ခွာသွားတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါဟာ မဟာဗျူဟာမြောက် ရေကြောင်းလမ်းလုံခြုံရေးဆောင်ရွက်ဖို့ ရည်ရွယ်တာလို့ တရုတ်ကာကွယ်ရေးဌာနက ပြောပါတယ်။

Northern/Interaction 2023 လို့ အမည်ပေးထားတဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ ယူကရိန်းကို ရုရှား ကျူးကျော်စစ်ဖြစ်ပြီးကတည်းက တရုတ်နဲ့ ရုရှားအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လာတဲ့ သဘောဖြစ်ပါတယ်။ တချိန်တည်းမှာတော့ စစ်ဖက်ဆက်ဆံမှုတွေပြန်ဖွင့်ဖို့ အမေရိကန်ဖက်က တောင်းဆိုထားတာကို တရုတ်က ပယ်ချထားဆဲဖြစ်ပါတယ်။

စစ်ရေယာဉ်ငါးစင်းနဲ့ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် လေးစင်းပါဝင်တဲ့ တရုတ်စစ်ရေယာဉ်အုပ်စုဟာ Qingdao ဆိပ်ကမ်းကနေထွက်ခွာပြီး သတ်မှတ်ဧရိယာမှာ ရုရှားတပ်တွေနဲ့ ဆုံတွေ့မှာဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဌာနက သူတို့ရဲ့ တရားဝင် WeChat စာမျက်နှာမှာ တနင်္ဂနွေနေ့က ဖော်ပြထားပါတယ်။

ဂျပန်ပင်လယ်ပြင်ထဲကျင်းပမယ့် စစ်ရေလေ့ကျင်မှုကို ရုရှားရေကြောင်းနဲ့ လေကြောင်းတပ်ဖွဲ့တွေ ပါဝင်ကြ လိမ့်မယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့က ကြေညာခဲ့တာပါ။ ဒါဟာ ပထမဆုံး အကြိမ် ရုရှားဖက်က လေကြောင်းရော ရေကြောင်းပါ ပါ၀ဝင်လာမှုဖြစ်တယ်လို့ စစ်ဖက်လေ့လာသူတွေကို ကိုးကားပြီး တရုတ်အစိုးရပိုင် Global Times မှာဖော်ပြပါတယ်။

အခုပါဝင်မယ့် ရုရှားစစ်သင်္ဘောနှစ်စင်းဟာ ဒီလအစောပိုင်းက Shanghai မှာ တရုတ်ရေတပ်နဲ့ ပူးတွဲလေ့ကျင်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ Shanghai ဆိပ်ကမ်းကို ရောက်မလာခင်မှာ အဲဒီ စစ်သင်္ဘောနှစ်စင်းဟာ ထိုင်ဝမ်နဲ့ ဂျပန်တို့ကို ဖြတ်ကျော်ခုတ်မောင်းလာတာမို့ ထိုင်ဝမ်နဲ့ ဂျပန်က ရုရှားစစ်သင်္ဘောတွေကို စောင့်ကြည့်နေခဲ့ပါတယ်။

ရုရှားအနေနဲ့ ၂၀၂၂ ခုနှစ် ယူကရိန်းကျူးကျော်စစ်မစခင်ရက်ပိုင်းမှာပဲ ရုရှားသမ္မတပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖင်တို့နှစ်ဦးဟာ အကန့်အသတ်မထားတဲ့မိတ်ဖက်အဖြစ် ကြေညာခဲ့ပါတယ်။ ဒါဟာ အမေရိကန်ဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG