မနက်ဖြန် အောက်တိုဘာလ ၁၆ ရက်နေ့မှာ စတင်ကျင်းပမယ့် တရုတ်ပြည်သူ့ကွန်ဂရက်ညီလာခံမှာ ပါတီဖွဲ့စည်းပုံကို ပြင်ဆင်သွားမယ်လို့ ပါတီ ပြောခွင့်ရက ဒီကနေ့ သတင်းထောက်တွေကို ပြောပါတယ်။ ဘယ်လို ပြင်ဆင်မှုတွေ လုပ်သွားမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။
တရုတ်ပြည်ကို ထူထောင်ခဲ့တဲ့ခေါင်းဆောင် မော်စီတုန်း မရှိတော့တဲ့နောက်ပိုင်း၊ တိုင်းပြည်မှာ သြဇာအကြီးဆုံး နိုင်ငံ့ခေါင်းဆောင် ဖြစ်လာခဲ့တဲ့ သမ္မတရှီကျင်းပင်အနေနဲ့ ဒီညီလာခံအတွင်း ပါတီရဲ့ အထွေထွေအတွင်းရေးမှူးနေရာကို နောက် ၅ နှစ် ဆက်နေရာယူနိုင်ဖို့ ပြင်ဆင်ထားတာပါ။
ရှေ့ (၅) နှစ်ကာလအတွင်း စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ ရည်မှန်းချက်တွေ ဘယ်လို အကောင်အထည် ဖော်သွားမလဲ ဆိုတာကို သမ္မတရှီက ဒီညီလာခံမှာ အစီရင်ခံပါလိမ့်မယ်။ သမ္မတရှီအနေနဲ့ ကိုဗစ်ကပ်ဘေးနဲ့ စီးပွားရေး ပြန်နာလန်ထူဖို့ ကြိုးစားနေရတဲ့ တချိန်တည်းမှာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားသမ္မတပူတင်ကို ထောက်ခံမှုကြောင့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး မပြေလည်မှုတွေလည်း ရှိနေချိန်၊ ရှုပ်ထွေးနေတဲ့ကာလမှာပဲ ပြည်သူ့ကွန်ဂရက် ညီလာခံကို ကျင်းပမှာပါ။
ဒီလ ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ တပတ်တာကျင်းပမယ့် ဒီညီလာခံကို ဘေဂျင်းမြို့တော် တီယင်နန်မင်ရင်ပြင်မှာရှိတဲ့ Great Hall ပြည်သူ့မဟာ ခမ်းမကြီးထဲမှာ ကျင်းပသွားမယ့်အကြောင်း ပါတီပြောခွင့်ရ Sun Yeli က ပြောဆိုထားပြီး ပါတီဝင် ၂၃၀၀ လောက် တက်ရောက်ဖို့ရှိပါတယ်။
=== Unicode ===