သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှုကြောင့် တရုတ်ထိပ်တန်းအရာရှိ ရာထူးမှ ထုတ်ပယ်ခံရ


တရုတ်နိုင်ငံပိုင် လုပ်ငန်းကုမ္ပဏီတွေကို ကြီးကြပ်အုပ်ချုပ်ရတဲ့ ကော်မရှင်တခုရဲ့ အကြီးအကဲ Jiang Jiemin
တရုတ်နိုင်ငံပိုင် လုပ်ငန်းကုမ္ပဏီတွေကို ကြီးကြပ်အုပ်ချုပ်ရတဲ့ ကော်မရှင်တခုရဲ့ အကြီးအကဲကို တရုတ်ကွန်မြူနစ်ပါတီက ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ အစိုးရပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ သူ့ကို အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကြေညာခဲ့တာပါ။

နိုင်ငံပိုင်လုပ်ငန်းတွေအပေါ် ကြီးကြပ်အုပ်ချုပ်ရေးကော်မရှင် အကြီးအကဲဖြစ်တဲ့ Jiang Jiemin ကို စည်းကမ်းချိုးဖောက်မှု သံသယရှိတာမို့ ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ နိုင်ငံပိုင် ဆင်ဟွာသတင်းက အင်္ဂါနေ့မှာ ကြေညာသွားပါတယ်။ တရုတ်နိုင်ငံမှာတော့ ဒီလို စွပ်စွဲချက်ကို အဂတိလိုက်စားမှုတွေမှာ ရည်ညွှန်းသုံးစွဲလေ့ရှိပါတယ်။

တရုတ်နိုင်ငံရဲ့ အကြီးဆုံး ရေနံထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ အစိုးရပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းနဲ့ ဆက်စပ်ပြီး လာဘ်ယူမှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် သူ့ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆင်ဟွာသတင်းဌာနက တနင်္ဂနွေနေ့ကပဲ ကြေညာခဲ့တာပါ။ ကွန်မြူနစ်ပါတီအတွင်း အတော်လေး ကျယ်ပြန်လာနေတဲ့ အဂတိလိုက်စားမှုတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်အရေးယူသွားမယ်လို့ တရုတ်သမ္မတ ရှိကျင့်ဖျင် က ကတိပေးခဲ့ပါတယ်။

ခုအချိန်ထိတော့ ဒီလိုအရေးယူမှုမျိုးတွေကို များသောအားဖြင့် အဆင့်နိမ့်အရာရှိတွေ တာဝန်ရှိသူတွေကို ကိုင်တွယ်နေတာပဲ တွေ့ရပါတယ်။ ဒါပေမဲ့ အဆင်မြင့်အကြီးတန်း တာဝန်ရှိသူတွေကိုလည်း ပစ်မှတ်ထား အရေးယူသွားမယ့် လက္ခဏာမျိုးတွေ တွေ့လာရပါပြီ။

ကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗျူရိုဟောင်းဖြစ်တဲ့ တာဝန်က အနားယူခဲ့တဲ့ Zhou Youngkang ကို အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။
XS
SM
MD
LG