သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး မြန်မာ-ဘင်္ဂလားဒေ့ရ်ှ ညှိနှိုင်းဖို့ တရုတ်တိုက်တွန်း


Rohingya ဒုက္ခသည်များ
Rohingya ဒုက္ခသည်များ

ရခိုင်ပြည်နယ်က အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ သိန်းနဲ့ချီ ခိုလှုံနေထိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကြား ညှိနှိုင်းဖြေရှင်းတာကသာ အကောင်းဆုံးအဖြေ ဖြစ်လိမ့်မယ်လို့ တရုတ်နိုင်ငံက ထပ်မံတိုက်တွန်းပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်အရေးဟာ ပြည်တွင်းရေး ကိစ္စတရပ်ဖြစ်သလို၊ ရှုတ်ထွေးတဲ့ သမိုင်းကြောင်း၊ လူမျိုးရေး ဘာသာရေး အကြောင်းရင်းခံတွေ ရှိနေပြီး၊ ပြဿနာကို ဖြေရှင်းရာမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား ဆွေးနွေးတိုင်ပင်မှုတွေကသာ တခုတည်းသော နည်းလမ်း ဖြစ်လိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က ဘေဂျင်းမြို့တော်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိခဲ့တယ်ဆိုပြီး နိုင်ငံတကာက ဝေဖန်မှုတွေ ရှိနေချိန်မှာပဲ၊ တချိန်က စစ်အစိုးရတွေ လက်ထက် ကတည်းက မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ သြဇာညောင်း တယ်လို့ အများက မြင်ထားကြတဲ့ တရုတ်နိုင်ငံကတော့ ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းတဲ့ သဘောထားတွေ ပြောဆိုခဲ့ပေမဲ့၊ မြန်မာအစိုးရက ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို အားပေးထောက်ခံကြောင်း ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကို မြန်မာနိုင်ငံ ဝင်ခွင့်ပြုဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဖို့ မြန်မာအစိုးရက ငြင်းဆန်ခဲ့ကြောင်း လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူရဲ့ ကြေညာချက်ထွက်ပေါ်လာပြီး နောက်တရက်မှာပဲ တရုတ်နိုင်ငံက သူ့ရဲ့ ရပ်တည်ချက်ကို ထပ်မံပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ပြဿနာတွေကို ဖြေရှင်းရာမှာ နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့ မြန်မာနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကို အပြုသဘောဆောင်တဲ့ ပံ့ပိုးမှုတွေ ပေးအပ်ကြဖို့နဲ့ ပြဿနာကို ပိုမိုရှုပ်ထွေးအောင် မလုပ်ကြဖို့ လိုအပ်တယ်လို့ တရုတ်နိုင်ငံက ယူဆကြောင်းလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG