တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော် Sanlitun အရပ်မှာ ခရစ္စမတ်စ်နေ့နဲ့ ပတ်ဝန်းကျင်ကာလတွေအတွင်း အနောက်နိုင်ငံသားတွေကို တိုက်ခိုက်လာနိုင်ခြေ ရှိတဲ့အပေါ် ဘေဂျင်းမြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီနေရာဟာ လူသွားများတဲ့ ညဘက် အပန်းဖြေ စားသောက် ပျော်ပါးတဲ့နေရာတွေနဲ့ နိုင်ငံတကာကုန်တိုက်ကြီးတွေ ရှိတဲ့နေရာ ပါ။ အသေးစိတ်အချက်အလက်တွေကို မသိရေသေးပေမဲ့လည်း ရဲတပ်ဖွဲ့ဝင်အင်အား သိသိသာသာ တိုးချထားတာကိုတော့ တွေ့ရပါတယ်။ အမေရိကန်နိုင်ငံသားတွေ အထူးသတိထားကြဖို့ အမေရိကန်သံရုံးက တိုက်တွန်းပါတယ်။
ဒါ့အပြင် ဗြိတိန်၊ ပြင်သစ်နဲ့ တခြားသံရုံးတွေကလည်း အလားတူသတိပေးချက်တွေကို ထုတ်ပြန်ထားတာပါ။
လမ်းပေါ်မှာသွားလာနေကြတဲ့ နိုင်ငံခြားသားတွေကို မေးမြန်းတာမှာတော့ ပတ်ဝန်းကျင်အနေအထားက အတော်လေး ဘေးကင်း ရန်ကင်းရှိတယ်လို့ ခံစားရတဲ့အကြောင်းနဲ့ လုံခြုံရေးတိုးချထားတာကြောင့် သူတို့အတွက် ပိုပြီး သက်တောင့်သက်သာ ဖြစ်စေ တယ်လို့ ပြောကြပါတယ်။
ခရစ္စမတ်စ်ပွဲတော်ကာလအတွင်း ဘေးကင်းလုံခြုံစေဖို့အတွက် လုံခြုံရေးကို အဝါရောင်အဆင့် တိုးမြှင့်သတ်မှတ်ထားတယ်လို့ ဘေဂျင်းမြို့တော်ရဲတပ်ဖွဲ့ကလည်း ဒီကနေ့မှာပဲ ကြေညာထားပါတယ်။
ဘေဂျင်းမြို့တော်ရဲ့ လုံခြုံရေးဆိုင်ရာသတ်မှတ်ချက်တွေအရ အဝါရောင်အဆင့်ဟာ သုံးဆင့်ပါသတ်မှတ်ချက်မှာ အနိမ့်ဆုံးပါ။ ဘေးကင်းလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်တာတွေ ရှိတဲ့အချိန်၊ ဖောက်ခွဲရေးပစ္စည်းလို့ သံသယရှိတာတွေကို တွေ့ရတဲ့အချိန်တွေမှာ ဒီလိုသတိပေးချက်မျိုး ထုတ်ပြန်လေ့ရှိပါတယ်။