သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်မြေတွင်း မြန်မာနိုင်ငံသားများ လက်နက်အပ်ဖို့ တရုတ်အမိန့်ထုတ်


ကိုးကန့်တပ်ဖွဲ့များ (Credit: Kokang Army Facebook)
ကိုးကန့်တပ်ဖွဲ့များ (Credit: Kokang Army Facebook)

မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက ဒေသခံအာဏာပိုင်တွေက၊ သူတို့နယ်မြေမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ လက်နက်ကိုင်ဆောင်ထားတာရှိရင် အပ်နှံကြဖို့ အမိန့်ထုတ်လိုက်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံတွင်းကို လက်နက်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာနေပြီး၊ နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ လက်နက်တွေကို လာရောက်အပ်နှံကြဖို့၊ ယူနန်ပြည်နယ် Lincang ဒေသခံ အစိုးရက အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီအာဘော် Global Times သတင်းစာက ဒီကနေ့ပဲ ဖော်ပြခဲ့တာပါ။

အွန်လိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သက်လို့လည်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုခဲ့ကြောင်း သတင်းကဖော်ပြပါတယ်။ လက်နက်အပ်နှံသူတွေကို အာဏာပိုင်တွေက ဆုငွေချီးမြှင့်မှာဖြစ်ပြီး၊ ရိုင်ဖယ်တလက်ကို တရုတ်ယွန်ငွေ ၅၀၀၊ ပစ္စတိုသေနတ်တလက်နဲ့ လက်ပစ်ဗုံးတလုံးစီကို ယွန်ငွေ ၂၀၀၊ ကျည်တတောင့်ကို ၂ ယွန် ပေးမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ မကြာသေးခင်တုန်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ဒေသခံတွေ မြန်မာနိုင်ငံတွင်းမှာသာမက၊ တရုတ်နိုင်ငံထဲ အထိပါ ထွက်ပြေးတိမ်းရှောင်နေရချိန်မှာပဲ ဒေသခံတရုတ်အာဏာပိုင်တွေရဲ့ ညွှန်ကြားချက် ထွက်ပေါ်လာတာပါ။ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့က တရုတ်အစိုးရပိုင် စိုက်ပျိုးရေးဘဏ်မှာ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းကို ပိတ်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ လက်နက်အပ်နှံဖို့ သတင်းထွက်လာတာလည်း ဖြစ်ပါတယ်။

မြန်မာသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ကတော့ ကိုးကန့်တပ်ဖွ့ဲရဲ့ ဘဏ်စာရင်းကို တရုတ်နိုင်ငံက ပိတ်လိုက်တာဟာ၊ ၂ နိုင်ငံကြား နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ ရလဒ်ဖြစ်ကြောင်း ဗွီအိုအေကို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG