သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ စတော့ဈေးကွက် တည်ငြိမ်မှုမရှိသေး


စတော့ရှယ်ယာရင်းနှီးမြှုပ်နှံသူတဦး စတော့ဈေးအတက်အကျကို ကြည့်ရှုနေစဉ်။ (သြဂုတ် ၂၆၊ ၂၀၁၅)
စတော့ရှယ်ယာရင်းနှီးမြှုပ်နှံသူတဦး စတော့ဈေးအတက်အကျကို ကြည့်ရှုနေစဉ်။ (သြဂုတ် ၂၆၊ ၂၀၁၅)

ကမ္ဘာပေါ်မှာ စီးပွားရေးအရ ဒုတိယအင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာ စီးပွားရေးအခြေအနေတွေကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေပေမယ့် တရုတ်နိုင်ငံရဲ့ အစုရှယ်ယာဈေးတွေ ဒီကနေ့မှာလည်း ဆက်လက်ကျဆင်းခဲ့သလို တခြားအာရှတိုက်က ဈေးကွက်တွေမှာလည်း အတက်အကျတွေနဲ့ အကြီးအကျယ် ကြုံခဲ့ရပါတယ်။

တရုတ်နိုင်ငံ ဗဟိုဘဏ်ကတော့ မနေ့နှောင်းပိုင်းမှာပဲ အတိုးနှုန်းကို ဝ.၂၅ ရာခိုင်နှုန်း ထပ်မံလျှော့ချပေးခဲ့သလို ဘဏ်တွေအနေနဲ့ အရန်ငွေကြေးတွေကို လျှော့ပြီးစုဆောင်းထားဖို့လည်း ညွှန်ကြားခဲ့တာပါ။ ဗဟိုဘဏ်ရဲ့ အစီအစဉ်ကြောင့် စားသုံးသူတွေအနေနဲ့ ကုန်ပစ္စည်းတွေ ပိုမိုဝယ်ယူသုံးစွဲဖို့၊ ကုမ္ပဏီတွေ အနေနဲ့လည်း စက်ရုံတွေဆောက်လုပ်ပြီး လူတွေကို ငှားရမ်းစေခိုင်းဖို့ ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။ အစောပိုင်းမှာတော့ တရုတ်ဗဟိုဘဏ်ရဲ့ အစီအစဉ်တွေအပေါ် အပေါင်းလက္ခဏာဆောင်တဲ့ တုံ့ပြန်မှုတွေရှိခဲ့ရာမှာ မနေ့တုန်းက ဥရောပ အစုရှယ်ယာဈေးတွေ ပြန်တက်ခဲ့သလို အမေရိကန် မှာလည်း ခေတ္တဈေးပြန်တက်ခဲ့တာပါ။

ဒါပေမဲ့လည်း ဒီကနေ့ အာရှဈေးကွက်မှာတော့ မတည်မငြိမ် အခြေအနေတွေနဲ့ ကြုံခဲ့ရပြီး ဈေးအတက်အကျတွေလည်း အကြီးအကျယ် ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံက Shanghai အစုရှယ်ယားဈေးဟာ ၁.၃ ရာခိုင်နှုန်း ကျဆင်းပြီး ဈေးပိတ်ခဲ့သလို Shenzhen ဈေးကွက်မှာလည်း ၃ ရာခိုင်နှုန်းကျော်အထိ ကျဆင်းခဲ့တာပါ။ တိုကျိုဈေးကွက်မှာ ၃.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သလို ဟောင်ကောင်မှာ အစောပိုင်း ဈေးတွေပြန်တက်ခဲ့ပေမယ့် ဈေးပိတ်ချိန်မှာတော့ ၁.၅ ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်။ ဥရောပမှာလည်း ဈေးကွက်ဖွင့်ချိန်မှာ ၁ ရာခိုင်နှုန်းကျဆင်းခဲ့တာပါ။

တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေ နှေးကွေးလာနေတဲ့အပေါ် ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်မကင်း ဖြစ်နေချိန်မှာပဲ မကြာသေးခင် ရက်တွေအတွင်း တရုတ်နိုင်ငံမှာ အစုရှယ်ယာဈေးတွေ အကြီးအကျယ် ထိုးကျသွားတဲ့အတွက် တရုတ်အစိုးရ တာဝန်ရှိသူတွေကတော့ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြ ပါတယ်။

XS
SM
MD
LG