သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ် ကျွန်းတည်ဆောက်မှု တရုတ်ကာကွယ်


တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက တည်ဆောက်နေသည့် ကျွန်းတစ်ခုအား မြင်တွေ့ရစဉ်။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက တည်ဆောက်နေသည့် ကျွန်းတစ်ခုအား မြင်တွေ့ရစဉ်။

တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံက ကျွန်းတွေ တည်ဆောက်နေတဲ့ ကိစ္စဟာ အပြစ်ကင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hong Lei က တနင်္လာနေ့မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲ အတွင်း ပြောကြားလိုက်ပါတယ်။

တောင်တရုတ်ပြင်လယ်ပြင်အရေးကိစ္စနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့ ရှင်းလင်း ပြတ်သားစွာ တစ်သမတ်ထဲ ရပ်တည်လာခဲ့တယ် လို့ ဟောင်းလီက ပြောပါတယ်။ တောင်တရုတ်ပင်လယ်ပြင်အတွင်း ကျွန်းတွေ တည်ဆောက်နေတဲ့ လုပ်ရပ်ဟာလည်း အကျိုးအကြောင်း ဆီလျော်စွာနဲ့ ဥပဒေနဲ့အညီ တရားမျှတစွာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုအတွင်းက လုပ်နေခြင်းဖြစ်တယ်လို့ ပြောပါတယ်။

တခြားနိုင်ငံတွေက တရုတ်နိုင်ငံအပေါ် စွပ်စွဲ ပြောဆိုနေတာတွေဟာလည်း လုံး၀ ယုတ္တိမရှိဘူးလို့ Hong Lein က ပြောပါတယ်။

“ကိုယ်ကျိုးစီးပွား တခုထဲကိုကြည့်ပြီး တရုတ်နိုင်ငံနဲ့ အာဆီယံအကြားက ဆက်ဆံရေး ပျက်ပြားအောင် ပြန်ပေးဆွဲသလို တချို့နိုင်ငံတွေက စွပ်စွဲ ပြောဆိုနေတာ၊ စောင်းမြောင်းပြောဆိုနေတာတွေကို တရုတ်နိုင်ငံအနေနဲ့ အခိုင်အမာ ဆန့်ကျင် ကန့်ကွက်ပါတယ်။ ဒေသတွင်း ငြိမ်းချမ်းမှု တည်ရှိရေးအတွက် မှီခိုအားထားစရာ ဖြစ်တာနဲ့အညီ တောင်တရုတ်ပင်လယ်ပြင်အရေးကို နည်းလမ်း ၂ သွယ်နဲ့ ချဉ်းကပ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်ပြင်အတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို အတူလက်တွဲ ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာ နိုင်ငံတွေ အနေနဲ့လည်း တရုတ်နိုင်ငံနဲ့ သဘောထား ကွဲပြားနေတာတွေ လျော့နဲသွားအောင် လုပ်ဆောင်ကြလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

Dual Track လို့ခေါ်တဲ့ နည်းလမ်း ၂ သွယ်နဲ့ ချဉ်းကပ်နည်းဟာ တောင်တရုတ် ပင်လယ်ပြင်အရေး ဖြေရှင်းတဲ့နေရာမှာ အသုံးပြုဖို့ တရုတ်နိုင်ငံက အဆိုပြုထားတဲ့ နည်းလမ်း ဖြစ်ပါတယ်။

ပထမ နည်းလမ်းကတော့ - ဒီပဋိပက္ခမှာ ပါဝင် ပတ်သက်နေတဲ့ တိုင်းပြည်တွေ အနေနဲ့ ဒီပြဿနာကို မိတ်တွေအဖြစ် ငြိမ်းချမ်းစွာ ဆွေးနွေး ညှိနှိုင်း အဖြေရှာကြဖို့ဖြစ်ပြီး၊ ဒုတိယ နည်းလမ်းကတော့ - တောင်တရုတ် ပင်လယ်ပြင်အတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် တရုတ်နဲ့ အာဆီယံနိုင်ငံတွေသာ ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ တရုတ်နိုင်ငံဖက်က အဆိုပြုထားတာပါ။

ဒီချဉ်းကပ်နည်းကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လအတွင်း ကျင်းပခဲ့တဲ့ အာဆီယံ အပေါင်း တရုတ်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ စည်းဝေးပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က စတင် အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်အရေးနဲ့ ပတ်သက်လို့ တခြားနိုင်ငံတွေကလည်း ပါဝင် ဆောင်ရွက်ပေးဖို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Albert del Rosario က ဧပြီလ ၂၆ ရက်ကနေ ၂၇ နေ့အထိ မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲအတွင်း တောင်းဆိုလိုက်ပြီး မကြာခင်မှာ တရုတ်နိုင်ငံက အခုလို ပြောဆိုလာဖြစ်ပါတယ်။

XS
SM
MD
LG