သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ပျူတာ chip ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်နဲ့ တောင်ကိုရီးယား သဘောတူ


Computer တွေ အီလက်ထရောနစ် ပစ္စည်းတွေမှာသုံးတဲ့ semiconductor တွေ ဈေးကွက်ထဲမှာ ဖြည့်ဆည်းနိုင်မှု ပြတ်တောက် မသွားအောင် ဆွေးနွေးမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်သွားဖို့ တရုတ်နဲ့ တောင်ကိုရီးယားကြား သဘောတူညီခဲ့ကြပါတယ်။ Computer chip တွေလို့လည်း ခေါ်ကြတဲ့ semiconductor တွေနဲ့ပါတ်သက်လို့ အမေရိကန်နဲ့ တရုတ်ကြား ပြဿနာရှိနေချိန်မှာ အခုလို တောင်ကိုရီးယားနဲ့ သဘောတူညီမှု ရရှိခဲ့တာလို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao ကပြောခဲ့တာဖြစ်ပါတယ်။

သူနဲ့ တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး Ahn Duk-geun တို့ဟာ အမေရိကန်ပြည်ထောင်စု Detroit မြို့မှာကျင်းပခဲ့တဲ့ အာရှပိစိဖိတ် စီးပွားပူးပေါင်းဆောင်ရွက်ရေး APEC ညီလာခံမှာ သောကြာနေ့က ဘေးပန်းတွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ Semiconductor တင်ပို့ဖြန့်ဖြူးတဲ့ ဈေးကွက် ဆက်လက် တည်ငြိမ်နေအောင်နဲ့ ၂ နိုင်ငံကြား၊ ဒေသတွင်းကြားနဲ့ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်အောင် အမြင်ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဌာနက ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားဖက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ Computer chip အကြောင်း မပါဘဲ၊ အဓိကကျတဲ့ ကုန်ကြမ်းတွေ ပြတ်မသွားအောင် တရုတ်ဘက်က ဆောင်ရွက်ပေးဖို့နဲ့ တရုတ်နိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းတွေအတွက် ကြိုတင်ခန့်မှန်း လုပ်ကိုင်နိုင်တဲ့ ဝန်းကျင်အနေအထားမျိုး ဖန်တီးပေးဖို့ တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီးဘက်က တောင်းဆိုခဲ့တယ်လို့ ဖော်ပြပါတယ်။ လုပ်ငန်းတိုင်းအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေအဆင့် ဆက်သွယ်ရေးဟာ အရေးကြီးတယ်လို့ ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားဘက်က ပြောပါတယ်။

မျိုးဆက်သစ် အဆင်မြင့်နည်းပညာတွေနဲ့ Semiconductor တွေထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ APEC ညီလာခံဘေးပန်းမှာပဲ အမေရိကန်နဲ့ ဂျပန်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးတွေ သဘောတူညီခဲ့ကြပါတယ်။ ကမာ္ဘ့ semiconductor လုပ်ငန်းဈေးကွက်ကို တရုတ်ကလွှမ်းမိုးနိုင်အောင် ကြိုးစားနေသလို နိုင်ငံရေးအတွက် စီးပွားရေးကို အသုံးချမှုတွေ ရှိနေချိန်မှာ အီလက်ထရောနစ်ပစ္စည်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ semiconductor/ Computer chip တွေ ပြတ်တောက်မသွားဖို့ အမေရိကန်အပါအဝင် နိုင်ငံတော်တော်များများက တိုးမြှင့်ဆောင်ရွက်နေကြပါတယ်။

XS
SM
MD
LG