ပြီးခဲ့တဲ့သီတင်းပတ်က မြောက်ကိုရီးယားနိုင်ငံက နျူးကလီးယား စမ်းသပ်မှုတွေ လုပ်ခဲ့ချိန်ကစလို့ ပထမဆုံးအကြိမ်အဖြစ်နဲ့ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံက ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။
တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ဟာ ကိုရီးယားကျွန်းဆွယ် လုံခြုံရေး အတွက် နှစ်စဉ်နီးပါး အစည်းအဝေးတွေ ပြုလုပ်နေတာပါ။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နိုင်ငံတကာမူဝါဒရေးရာ ညွှန်ကြားရေးမှူးချုပ် Yoon Soon-gu နဲ့ တရုတ် အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားရေးရာရုံး ညွှန်ကြားရေးမှူး Guan Youfei တို့ ဒီကနေ့ တွေ့ဆုံကြပြီး မြောက် ကိုရီးယား နျူးကလီးယား စမ်းသပ်ချက် နဲ့ ပတ်သက်လို့ ဘယ်လို တန်ပြန်ဆောင်ရွက်မှုတွေ လုပ်နိုင်မလဲ ဆိုတာကို ဆွေးနွေးခဲ့ကြတာပါ။
ပြီးခဲ့တဲ့သီတင်းပတ်ထဲ မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံးကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်လို့ ပြောဆိုခဲ့တဲ့အပေါ်မှာ နိုင်ငံတကာကတော့ အပြင်းအထန် ဝေဖန် ရှုတ်ချနေတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ကတော့ မြောက်ကိုရီးယား ရဲ့ နျူကလီးယားလက်နက် စမ်းသပ်မှုတွေ ရပ်တန့်သွားအောင် တရုတ်ဘက်က အခုထက်ပိုပြီး ဖိအားပေးဖို့ လိုလားနေတာဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားကို စွမ်းအင် ဖြတ်တောက်တာနဲ့ ကုန်သွယ်ဆိုင်ရာ ကန့်သတ်မှုတွေ ချမှတ်တာလို နည်းလမ်းတွေ သုံးပြီး ဖိအားပေးနိုင်တယ်လို့ အမေရိကန်က ပြောဆိုထားပါတယ်။