သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်မီ တိုက်လေယာဉ်သစ်တွေ တရုတ်နိုင်ငံ ထုတ်လုပ်


ခေတ်မီ တိုက်လေယာဉ်သစ်တွေ တရုတ်နိုင်ငံ ထုတ်လုပ်
ခေတ်မီ တိုက်လေယာဉ်သစ်တွေ တရုတ်နိုင်ငံ ထုတ်လုပ်

ဘေဂျင်းမြို့တော်ကို ရောက်ရှိနေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က တရုတ်ရဲ့ စစ်ရေးစွမ်းရည် အလျှင်အမြန် ခေတ်မီတိုးတက်ရေး အစီအစဉ်ကို ပိုပြီး ထင်သာမြင်သာ ရှိစေချင်တယ်လို့ တောင်းဆိုနေတဲ့ အချိန်မှာပဲ ပြီးခဲ့တဲ့ သီတင်းပတ်က တရုတ်နိုင်ငံ ချင်ဒူးပြည်နယ် အနောက်တောင်ပိုင်းက မြို့တမြို့ရဲ့ လေယာဉ်ကွင်းငယ် တကွင်းမှာ တရုတ်လေတပ်ရဲ့ နောက်ဆုံးထုတ်လုပ်တဲ့ J-20 ဂျက်တိုက်လေယာဉ်ကို ၁၅ မိနစ်ကြာ စမ်းသပ်မောင်းနှင် ပျံသန်းခဲ့တဲ့ ဓာတ်ပုံတွေကို တရုတ်အစိုးရ မီဒီယာတချို့မှာ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီက အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ Global Times သတင်းစာနဲ့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေနဲ့ တခြားသော ဘလော့ဂ်တွေပေါ်မှာ တရုတ်လေတပ်ရဲ့ Stealth လို့ ခေါ်ဝေါ်နေကြတဲ့ J-20 ဂျက်တိုက်လေယာဉ်ရဲ့ ပျံသန်းနေတဲ့ ဓာတ်ပုံတွေနဲ့ မြေပြင်မှာ အကွေ့တွေကို စမ်းသပ်မောင်းနှင်နေတဲ့ ဓာတ်ပုံတွေကို ဖော်ပြထားတာပါ။

လောင်စာဆီ ထပ်မဖြည့်ဘဲ ကမ္ဘာတပတ် ပျံသန်းနိုင်ပြီး ရန်သူ့ရေဒါတွေက ဖမ်းယူလို့ မမိနိုင်တဲ့၊ အသံထက်မြန်ပြီး ဗုံးကြဲလေယာဉ် အဖြစ်ရော တိုက်လေယာဉ် အဖြစ်ရော အသုံးပြုနိုင်တဲ့ အမေရိကန် လေတပ်ရဲ့ B-2 လေယာဉ်ကြီးကို Stealth လို့ ခေါ်ဝေါ်ကြပြီး အခု တရုတ်ရဲ့ J-20 ဂျက်တိုက်လေယာဉ်မှာ Stealth ရဲ့ စွမ်းရည်တွေ ရှိနေပြီလို့ စစ်ရေးလေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။

ဘေဂျင်းမြို့တော်ကို ပျံသန်းနေတဲ့ လေယာဉ်ပေါ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်က လေယာဉ်တစီးအတွက် ခက်ခဲတဲ့ မြေပြင်ပေါ်က အကွေ့တွေကို တရုတ်ရဲ့ J-20 ဂျက်တိုက်လေယာဉ်က စမ်းသပ် အောင်မြင်ခဲ့မှုဟာ အမေရိကန် ထောက်လှမ်းရေးက ခန့်မှန်းထားတာထက် ရှေ့ကို ပိုပြီးရောက်နေတဲ့ အောင်မြင်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG