သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် စတော့ဈေး ဒုတိယနေ့ ဆက်ခုန်တက်


တရုတ်နိုင်ငံ ရှမ်ဟိုင်းမြို့ စတော့ဈေးကွက် (ဇူလိုင် ၈၊ ၂၀၁၅)
တရုတ်နိုင်ငံ ရှမ်ဟိုင်းမြို့ စတော့ဈေးကွက် (ဇူလိုင် ၈၊ ၂၀၁၅)

တရုတ်စတော့ ဈေးကွက်တွေ ဒီကနေ့ သောကြာနေ့မှာလည်း ဒုတိယနေ့အဖြစ် ဆက်ပြီး ပြန်ခုန်တက်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဒုတိယစီးပွားအင်အားကြီး တရုတ်နိုင်ငံမှာ အခုလို ဈေးကွက် မတည်မငြိမ်ဖြစ်မှုတွေကြောင့် စိုးရိမ်မှုတွေ ကတော့ ဆက်ရှိနေဆဲပါ။ တရုတ် စတော့ ဈေးကွက်မှာ စံ သတ်မှတ်ထားတဲ့ ရှန်ဟိုင်း စတော့ ဈေးကွက်ကတော့ ဒီကနေ့မှာ ၄ ဒသမ ၅ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ လယ်က စပြီး ဈေးကွက်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့တာကို ပြန်လည် အဖတ်ဆယ်နိုင်ဖို့၊ တရုတ်အစိုးရက ကျားကန်ဆောင်ရွက်မယ့် အစီအစဉ်တွေ ကြေညာခဲ့ပြီးတဲ့နောက် မနေ့ကတည်းက စလို့ စတော့ဈေးကွက်တွေ ပြန်ဦးမော့လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်း ၂ ပတ် အတွင်း တရုတ် အစိုးရက အဓိက ကျတဲ့ အတိုးနှုန်းတွေ ဖြတ်တောက်၊ စတော့ ဝယ်ယူမှု ကန့်သတ်မှုတွေကို ပယ်ဖျက်ပြီး ရှယ်ယာအများစု ပိုင်ဆိုင်ထားသူတွေကိုလည်း နောက်ထပ် ၆ လ ရောင်းချမှုကို တားမြစ်မိန့် ထုတ်ခဲ့ပါတယ်။ ဒီအတွက် ဈေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်းလောက်ရှိတဲ့ တရုတ် ပြည်မကြီးက ကုမ္ပဏီ ၁၄၀၀ လောက်ကို အရောင်းအဝယ် ရပ်ဆိုင်းကုန်ပါတယ်။

ဈေးကွက် ပြိုကျလာမှုကို ရပ်တန့်ရေး ဆောင်ရွက်ချက်တွေကိုတော့ ရင်းနှီးမြှုပ်နှံသူတွေက ကြိုဆိုကြပါတယ်။ ဒါပေမယ့် အစိုးရဘက်က အကူအညီပေးနေမှုတွေကို ဖြေလျှော့လိုက်ပြီး အရောင်းအဝယ် ဆိုင်းငံ့ခံထားရတဲ့ ရှယ်ယာတွေ ပြန်လည် ရောင်းဝယ် ဖောက်ကားလာတဲ့ အချိန်မှာ အစုရှယ်ယာတွေ အလုံးအရင်းနဲ့ ဆက်ပြီး ရောင်းထုတ်မယ့် အပေါ်မှာလည်း စိုးရိမ်နေကြပါတယ်။

စတော့ ဈေးကွက် ပြဿနာက တခြား တရုတ်ရဲ့ စီးပွားရေး အပေါ်မှာ ရိုက်ခတ်လာမယ့် အရေးကိုလည်း တချို့တို့က စိုးရိမ်မှုတွေကတော့ရှိနေပါတယ်။ တချိန်တည်းမှာဘဲ တောင်ကိုးရီးယား၊ သြစတေးလျ၊ ဟောင်ကောင်တို့မှာ စတော့ဈေးကွက် အနည်းငယ် ဦးမော့လာခဲ့တာကြောင့် အာရှဒေသ စတော့ဈေးကွက် တက်လာတယ်လို့ ပြောရမှာပါ။ ဂျပန်ဈေးကွက်မှာတော့ ဒသမ ၅ ရာခိုင်နှုန်းလောက် ဈေးကျခဲ့ပါတယ်။

XS
SM
MD
LG