သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ဆူဒန်ကို ဒေါ်လာသန်း ၈ ထောင် တရုတ်ချေးမည်


အသစ်ထူထောင်လိုက်တဲ့ တောင်ပိုင်းဆူဒန်နိုင်ငံမှာ အဓိကကျတဲ့ အခြေခံ အဆောက်အုံတွေ တည်ဆောက် နိုင်ဖို့အတွက် တရုတ်နိုင်ငံက ချေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈ ထောင် ထုတ်ချေးဖို့ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း တောင်ပိုင်းဆူဒန် ပြန်ကြားရေးဝန်ကြီးက ကြေညာလိုက်ပါတယ်။

အဲဒီငွေတွေကို နိုင်ငံရဲ့ စိုက်ပျိုးရေး၊ ဆက်သွယ်ရေးနဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး အစရှိတဲ့ နေရာတွေမှာ အသုံးပြုမှာ ဖြစ်တယ်လို့ ဝန်ကြီး ဘာနတ်ဘာ မာရီယယ် ဘန်ဂျမင် (Barnaba Marial Benjamin) က စနေနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တောင်ပိုင်းဆူဒန်နိုင်ငံ သမ္မတ ဆယ်လ်ဘာ ကီးယား Salva Kiir ပထမဦးဆုံးအကြိမ် တရုတ်နိုင်ငံကို သွားရောက် လည်ပတ်ခဲ့အပြီး ရက်ပိုင်းအကြာမှာ အခုလို ငွေချေးငှားမယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။

ဒါတောင် မြောက်ပိုင်းဆူဒန်က တောင်ပိုင်းဆူဒန် နယ်စပ်ကိုဖြတ်ကျော်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် တောင်ဆူဒန်သမ္မတဟာ သူ့ရဲ့ တရုတ်ပြည် ခရီးစဉ်ကို အကျဉ်းခြုံးပြီး ပြန်သွားခဲ့ရတာပါ။

တရုတ်နိုင်ငံဟာ စစ်မက်ဖြစ်ပွားနေတဲ့ ဆူဒန်နဲ့ တောင်ပိုင်းဆူဒန် နှစ်နိုင်ငံစလုံးကို ညီတူညီမျှဆက်ဆံရေး ကျင့်သုံး နေတာပါ။ ဒီနှစ်နိုင်ငံ စစ်ဖြစ်နေတဲ့အတွက် အဲဒီဒေသအတွင်းက တရုတ်ရဲ့ ရင်းနှီးမြုတ်နှံထားမှုနဲ့ လုပ်ကိုင်ဆောင်ရွက် နေတဲ့ ကိစ္စတွေကို ထိခိုက်နေပါတယ်။

ဆူဒန်နိုင်ငံအတွင်းမှာ တရုတ်ကုမ္ပဏီ တရာကျော်ရှိပြီး တရုတ်လူမျိုး တသောင်းလောက် အလုပ်လုပ်ကိုင်နေကြပါတယ်။

XS
SM
MD
LG