သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှင်ကျန်းဒေသလှုပ်ရှားမှု တရုတ်အစိုးရ စောင့်ကြည့်


တရုတ် စောင့်ကြည့်ထောက်လှမ်းရေး လုပ်ငန်းကြီးက နိုင်ငံ အရှေ့စွန်ပိုင်း Xinjiang ဒေသတွင်းက လူပေါင်း ၂ သန်းခွဲကျော်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်လို့ နယ်သာလန်က အင်တာနက် ကျွမ်းကျင်သူကိုကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြပါတယ်။

တရုတ်နိုင်ငံ Shenzhen အခြေစိုက် SenseNets နည်းပညာ လုပ်ငန်းကြီးက နာမည်တွေ၊ မှတ်ပုံတင်ကတ် နံပတ်တွေ၊ မွေးနေ့တွေနဲ့ နေရပ် အချက်အလက်တွေ ပါတဲ့ ဒေတာတွေကို လနဲ့ချီပြီး အကာအကွယ်မဲ့ ထားထားတယ်လို့ နယ်သာလန် အင်တာနက် ကျွမ်းကျင်သူ Victor Gevers က ပြောဆိုတာပါ။

အကျိုးအမြတ် မယူတဲ့ GDI ဖောင်ဒေးရှင်းရဲ့ တွဲဖက် တည်ထောင်သူ Victor Gevers က ဒီအချက်ကို ပထမဆုံး သတိထားမိပြီးနောက် ပြီးခဲ့တဲ့ သတင်းပတ် အတွင်း လူမှုကွန်ယက်မှာ ဆက်တိုက် ရေးသားခဲ့တာ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ဒေတာတွေမှာ ပါနေတဲ့ လူတွေနဲ့ ချိတ်ဆက်နေတဲ့ နေရပ် ၆ သန်းခွဲကျော်ဟာဆိုရင်လည်း ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း စုစည်းထားတာ ဖြစ်ပြီး ဗလီ၊ ဟိုတယ်၊ အင်တာနက်ဆိုင် စတဲ့ အမှတ်အသားတွေ ပါနေပြီး အဲဒါတွေကတော့ ကင်မရာတွေ ရှိနေတဲ့ နေရာတွေ ဖြစ်ပုံ ရပါတယ်။

အဲဒီ အချက်အလက်တွေက အင်တာနက်ပေါ်မှာ အကာအကွယ် မရှိဖြစ်နေပြီး ဘယ်သူမဆို ဝင်ရောက်နိုင်နေတယ်လို့လည်း ဒတ်ချ် အင်တာနက် ကျွမ်းကျင်သူ Gevers က ပြောပါတယ်။

တရုတ်နိုင်ငံ Xinjiang ဒေသက မူဆလင်တွေနဲ့ မူဆလင် ဝီဂါတွေကို အစုလိုက် အပြုံလိုက် ထိန်းသိမ်းထားတာတွေ၊ စောင့်ကြည့်နေတာတွေ အပေါ် ကုလသမဂ္ဂ၊ နိုင်ငံတကာ အစိုးရတွေ၊ ပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက တရုတ် အစိုးရ အပေါ် အကြီးအကျယ် ဝေဖန်နေကြတာလည်း ဖြစ်ပါတယ်။ အခု အချက်အလက်တွေ ထွက်ပေါ်လာတဲ့ SenseNet ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားချက် အရတော့ အဲဒီ ကုမ္ပဏ တရုတ် ရဲတပ်ဖွဲ့ အတွက် အလုပ်လုပ်ပေးနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG